Home
မြန်မာသတင်း
ကယားပြည်နယ်ရှိ ကျေးရွာပေါင်း ၇၃ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးရရှိ
နော်နိုရင်း
·
April 3, 2019
၂၀၁၈ ခုနှစ်အတွင်း ကယားပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အား မရရှိသေးတဲ့ ကျေးရွာ ၁၃ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လက်ရှိပြည်နယ်အတွင်းမှာ ရွာပေါင်း ၇၃ ရာခိုင်နှုန်းကျော် လျပ်စစ်ဓာတ်အားရရှိခဲ့ပြီဖြစ်တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။    ဒီကနေ့ ပြန်လည်စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ရဲ့ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပြည်နယ်အစိုးရရဲ့ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံတင်ပြရာမှာ  ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးနဲ့ လျှပ်စစ် ၀န်ကြီး ဦးခင်မောင်ဖြူက ပြောသွားတာပါ။ “၂၀၁၈ ခုနှစ်အတွင်း လျပ်စစ်ဓာတ်အား မရရှိသေးတဲ့ ကျေးရွာ ၁၃ ရွာကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ကယားပြည်နယ်အတွင်းမှာဆိုရင် ကျေးရွာအားလုံး ၅၁၇ ရွာအနက်မှာ ကျေးရွာပေါင်း ၃၇၉ ရွာကို ဓာတ်အားဖြန့်ဖြူးပေးနိုင်တဲ့အတွက် ၇၃.၃ ရာခိုင်နှုန်း ဓာတ်အားရရှိခဲ့ပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ကယားပြည်နယ်ကို  ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းခရီးသည် ၇၃၄၂၅ ဦးနဲ့ ပြည်ပခရီးသည် ၁၀၂၀၀ ဦးဝင်ရောက်ခဲ့ကြောင်းလည်း ပြောပါတယ်။ သစ်တောနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍမှာဆိုရင် ၂၀၁၈ ခုနှစ် တနှစ်တာ ကာလအတွင်း ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကနေ အခွန်ငွေ ၉၆.၉၈ ကျပ်သန်း၊ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေကနေ အခွန်ငွေ ၁၀၆.၄၈ ကျပ်သန်း စုစုပေါင်း ကျပ်သန်း ၁၁၅.၉၈ ကောက်ခံရရှိခဲ့ပါတယ်။ တရားမ၀င်သစ် ဖမ်းဆီးရရှိမှုအနေနဲ့ ကျွန်းသစ် ၇၂.၆၁၅၄ တန်၊ ကျွန်းခွဲသား ၁၂၂.၃၈၀၇ တန်၊ သစ်မာ ၉၂. ၅၅၄၄ တန်၊ သစ်မာခွဲသား ၄၅၀. ၃၇၀၅တန်၊ အခြားသစ် ၃၁ .၄၁၉၂တန်၊ အခြားခွဲသား ၉. ၅၄၇၈တန်၊ စုစုပေါင်း ၇၃၃.၈၈၈ တန်ဖမ်းဆီးရရှိခဲ့ပါတယ်လို့ သိရပါတယ်။ ဓာတ်သတ္တု ထုတ်လုပ်မှုအနေနဲ့ အကြီးစားထုတ်လုပ်မှု ၁ ကွက်၊ အသေးစားထုတ်လုပ်မှု ၁၅ ကွက် စမ်းသပ်တိုင်းတာချက် ၁ ကွက် စုစုပေါင်း ၁၇ ကွက်ကို ခွင့်ပြုခဲ့ပြီး  ၂၀၁၈ ခုနှစ်အတွင်းမှာ ခနောက်စိမ်း သတ္တုရိုင်း ၆၈၃ မက်ထရစ်တန်၊ ခဲနဲ့ရောရာ သတ္တုရိုင်း၁၈၀၀ မက်ထရစ်တန်ကို ထုတ်လုပ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကယားပြည်နယ်မှာ အဖွဲ့အစည်း ၆ ဖွဲ့ နဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ရရှိထားခဲ့ပြီး ၂၀၁၈ ခု ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ရဲ့ ဆွေးနွေးပွဲမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကေအန်ပီပီ အဖွဲ့ကိုယ်စားလှယ်တို့တလတကြိမ် တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီချက်အရ အောက်တိုဘာလအထိ  ၆ ကြိမ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့၊ လစဉ်တွေ့ဆုံညှိနှိုင်းခဲ့ခြင်းမရှိပါဘူးလို့ ဦးခင်မောင်ဖြူက လွှတ်တော်ကို တင်ပြထားပါတယ်။ ကယားပြည်နယ်မှာ ခရိုင် ၂ ခု၊ မြို့နယ် ၇ မြို့နယ်နဲ့ ကျေးရွာအုပ်စု ၇၄ အုပ်စု၊ ကျေးရွာပေါင်း ၅၁၇ ရွာနဲ့ ဖွဲ့စည်းထားရှိပြီး ဒေသခံပြည်သူတွေကတော့ သတ္တုတွင်း၊ လယ်ယာနဲ့ သစ်လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024