DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး စဉ်းစားဆင်ခြင်စရာများ (၃)
DVB
·
October 19, 2012
မြန်မာ့စီးပွားရေး စဉ်းစားဆင်ခြင်စရာများ (၃)
Donate to DVB

မယုံနိုင်စရာအပြောင်းအလဲတွေ ဖြစ်နေတယ်၊ ရှေ့မှာလည်း ဧကန်လာဦးမှာလား။ သိပ်တော့ မထင်ပါနဲ့ဦး၊ အစိုးရက စီးပွားရေးဖြေလျှော့မှုတွေမှာ အရေးကြီးတဲ့ အဆင့်တွေကို လုပ်ဆောင်ခဲ့တာမှန်ပါတယ်။  ဥပမာအနေနဲ့ ငွေလဲနှုန်းကို ပြုပြင်လိုက်တာ၊ သွင်းကုန် စည်းမျဉ်း၊ စည်းကမ်းတွေကို လျှော့ချပေးလိုက်တာမျိုးတွေပါ။ ဒါပေမယ့် တစုံလုံးအနေအထား မှာတော့ စီးပွားရေးထက်စာရင် နိုင်ငံရေးအပြောင်းအလဲတွေက ပိုပြီး မယုံနိုင်စရာကောင်းတာပါ။ တဖက်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ ဥပဒေအသစ်တွေကို ကြည့်လိုက်ရင်ပဲ ဘ၀င်မကျချင်စရာတွေ အများကြီးရှိနေပါတယ်။

တကယ်တော့ မြန်မာ့စီးပွားရေးလောကမှာ ခေါင်းမာဂိုဏ်းနဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေကြားထဲမှာ တိုက်ပွဲပြင်းထန်နေတာ မဟုတ်ပါဘူး။ အရင်စနစ်ဟောင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရတဲ့ လူနည်းစုလေးက အတိတ်ကို တသသဖြစ်နေကြပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာက စီးပွားရေး အခင်းအကျင်းသစ်အပေါ်မှာ ပေါ်ပေါက်နေတဲ့ ပဋိပက္ခဖြစ်ပါတယ်။

ပဋိပက္ခရဲ့ ဘက်တဘက်မှာ နိုင်ငံတကာ ဈေးကွက်တွေ ပွင့်လာတာကြောင့် အကျိုးကျေးဇူးခံစားရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တချိန်တုန်းက တခြားရွေးစရာမရှိလို့ စံချိန်မမီတဲ့ ပစ္စည်းတွေကို မတန်မရာဈေးတွေ ပေးဝယ်ခဲ့ရတဲ့ စားသုံးသူတွေ ရှိနေပါတယ်။ တခြားတဖက်မှာတော့ အရင်စီးပွားရေး ပုံစံအဟောင်းအပေါ်မှာ စီးပွားရေးကို တည်ဆောက်ထားတာကြောင့် စီးပွားရေးကို မြန်မြန်နဲ့ကျယ်ကျယ် ဖွင့်လိုက်ရင် သူတို့ လုပ်ငန်းတွေ ကျဆုံးသွားမှာကို စိုးရိမ်နေတဲ့ လူတွေရှိနေပါတယ်။ တိုက်ပွဲက အပြောင်းအလဲလုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ အပေါ်မှာ ၀ိဝါဒ ကွဲနေကြတာမဟုတ်ပါဘူး။ အပြောင်းအလဲကို ဘယ်လိုလုပ်မှာလဲ၊ ဘယ်သူတွေက အကျိုးရှိမှာလဲ ဆိုတဲ့အပေါ်မှာ အပေးအယူမတည့် ဖြစ်နေကြတာပါ။

လွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန်က လက်မှတ်မထိုးသေးရသေးတဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ကြည့်လိုက်ရင် တိုက်ပွဲက မပြီးသေးဆိုတာကို သိသာနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ခပ်မြန်မြန် အလုံးအရင်းနဲ့ ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တဒေသအဖြစ် အစောပိုင်းမှာ အစိုးရက လိုက်လျောမှုပေါင်းများစွာနဲ့ ဥပဒေမူကြမ်းကို ဆွဲလိုက်ပါတယ်၊ အငြင်းအခုံတွေ ပေါ်ပေါက်ခဲ့ပြီး ဥပဒေကို စီးပွားရေးသမားတွေက ဘူးခံလိုက်ကြပါတယ်။

ရင်းနှီးမြှုပ်နှံသူတယောက်ဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း ရှိရမယ်ဆိုတာမျိုး ကန့်သတ်ချက်တွေ အမြောက်အမြားကို သူတို့တွေ တင်ပြကြပါတယ်။ နည်းပညာ အဆင့်နိမ့်တဲ့ စက်မှုလက်မှုလုပ်ငန်းတွေအပေါ်မှာ မောင်ပိုင်စီးဖို့ ကန့်သတ်ကြပါတယ်။ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ငန်းတွေမှာလည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပိုင်ဆိုင်မှုကို အများဆုံး ၄၉ ရာခိုင်နှုန်း အထိပဲ ခွင့်ပြုဖို့ ကန့်သတ်ကြပါတယ်။ နောက်ဆုံးအဆင့် ပြင်ဆင်ထားတဲ့ ဥပဒေကတော့ အကြိတ်အနယ် ငြင်းခုံပြီးမှ ညှိညှိနှိုင်းနှိုင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လက်ခံနိုင်လောက်တဲ့ အခြေအနေကို ရောက်လာတဲ့ ပုံမျိုးပါပဲ။

ဒါပေမယ့် အရေးအကြီးဆုံး လုပ်ဆောင်ရမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကဏ္ဍ တချို့ကတော့ အခုချိန်အထိ လုပ်ငန်းစဉ်တွေထဲမှာ ပါမလာသေးဘဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေတုန်းပါပဲ။ အထူးသဖြင့် မြန်မာပြည်မှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးကဏ္ဍကို ကြည့်လိုက်ပါ။

မြေယာနဲ့ဆက်စပ်နေတဲ့ သိသာတဲ့ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ၂ ခု လုပ်ဆောင်ခဲ့ပေမယ့် ၂ ခုစလုံးက ပြဿနာရှိနေပါတယ်။ ကုမ္ပဏီတွေကို မြေသိမ်းအောင် အားပေးအားမြှောက်လုပ်တယ်၊ မြေယာ စီမံခန့်ခွဲရေး ကော်မတီတွေကို နိုင်ငံရေးဇာတ်ခင်းလာအောင် လမ်းဖွင့်ပေးထားတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကြပါတယ်။

ဆိုလိုတာက ဒီဥပဒေတွေကတော့ သာမန်လယ်သမားတွေအတွက် အားကိုးလောက်စရာ ဘာမှ ဖြစ်မလာပါဘူး။ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဆင်းရဲမွဲတေမှု လျော့ကျလာပြီး ကျယ်ပြန်တဲ့ စီးပွားရေးဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မှာလား။

လွဲပြန်ပါတယ်။ လက်ရှိ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကြောင့် ကျယ်ပြန်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ပေါ်ထွက်လာမယ်လို့ စဉ်းစားတာလောက် တက်တက်စင်အောင်လွဲတဲ့ စိတ်ကူးယဉ်မှုမျိုး မရှိပါဘူး။ အခုအထိ အပြောင်းအလဲတွေက အုတ်ရောရော ကျောက်ရောရော ပါပဲ။ ဥပမာ ငွေကြေးမူဝါဒ ပြုပြင်ပြောင်းလဲမှုလိုမျိုး (အကောင်း)နဲ့ မြေယာဥပဒေလိုမျိုး (အဆိုး) တွေ ရောနေတာကို ဆိုလိုတာပါ။ ကျယ်ပြန့်တဲ့ ဖွံ့ဖြိုးမှုတွေအတွက် အကန့်အသတ်ဖြစ်စေတဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန် ဥပဒေတို့နဲ့ ပွဲဆူနေတာနဲ့ပဲ တခြားအရေးကြီးတဲ့ ကိစ္စတွေအလှည့်ကို မရောက်နိုင်အောင် ဖြစ်နေပါတယ်။

အခုအချိန်အထိ မြန်မာခေါင်းဆောင်တွေဟာ စိုးရိမ်စရာအကောင်းဆုံး ကျေးလက်က ကိစ္စတွေကို ထိထိရောက်ရောက် မကိုင်တွယ်ကြသေးပါဘူး။ ကျေးလက်က လယ်သမားတွေဟာ လယ်လုပ်ပြီး အကျိုးမခံစားရဘဲ ဖြစ်နေကြပါတယ်။ ငွေကြေးဖောင်းပွနေတာနဲ့အမျှ သွင်းအားစုဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ တချိန်တည်း ငွေလဲနှုန်းမှာ မြန်မာကျပ်ငွေက မာနေပြန်တာကြောင့် ကောက်ပဲသီးနှံ ဈေးနှုန်းက ကျဆင်းနေပါတယ်။

ထုတ်လုပ်မှုတွေ တိုးတက်လာအောင် အစိုးရရဲ့ဝန်ဆောင်မှုတွေ လိုအပ်နေပါတယ်။ သယ်ယူပို့ဆောင်စရိတ်တွေ လျော့ကျအောင်လုပ်ပေးဖို့ လိုအပ်နေပါတယ်။ လမ်းတွေ၊ ဆိပ်ကမ်းတွေ၊ ရေသွင်းမြောင်းစနစ်တွေ၊ ဆက်သွယ်ရေးကဏ္ဍတွေ အားလုံး နတ္ထိဖြစ်နေပါတယ်။ ဒီလို အရေးကြီးတဲ့ ပြဿနာကို ဖြေရှင်းရမယ့်အစား အစိုးရဟာ အထက်တန်းလွှာက ရေပေါ်စီသမားတွေရဲ့ကိစ္စတွေကိုပဲ ဦးစားပေးနေပါတယ်။

အကျိုးတူစိုက်ပျိုးရေး လုပ်ငန်းဆိုတာတွေနဲ့ အခွင့်ထူးခံ ကုမ္ပဏီတွေက တခြား ဘယ်ကမှ အရင်းနှီး မရနိုင်တဲ့ လယ်သမားတွေကို ချေးငွေနဲ့ သွင်းအားစုတွေကို ထုတ်ချေးပေးတဲ့ အစီအစဉ်က တစခန်းထနေပါတယ်။ တချို့ စိုက်ပျိုးစီးပွားလုပ်ငန်းတွေမှာ အမြတ်အစွန်းများနေပေမယ့် လယ်သမားစစ်စစ်တွေ ကိုယ်တိုင်ကျတော့ အရှုံးပြနေတာကို ထောက်ရင် မြန်မာ့စီးပွားရေးကို ထိခိုက်စေတဲ့ အလွဲကြီးလွဲနေတဲ့ ကိစ္စတွေ ရှိနေပါတယ်။

ကျေးလက်စီးပွားရေးမှာ ရှိနေတဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ရေရှည်မဟာဗျူဟာတွေ ရှိဖို့ လိုအပ်ပါတယ်။ လုပ်သားတွေရဲ့ထုတ်လုပ်မှုစွမ်းရည် တိုးတက်လာဖို့၊ အသက်ဝင်ရှင်သန်နိုင်စွမ်းတဲ့ ထုတ်လုပ်မှု ကဏ္ဍ ဖြစ်လာဖို့၊ အစိုးရအနေနဲ့ ထုတ်လုပ်မှုကဏ္ဍမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်ဖို့ (အထူးသဖြင့် အခြေခံ အဆောက်အဦပိုင်းကို ဆိုလိုပါတယ်) လိုအပ်ပါတယ်။

ဒါတွေကို မလုပ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အခွန်ကင်းလွတ်ခွင့် အဆမတန်တွေ လှိမ့်ပေးနေရင် အစိုးရ၀င်ငွေကို ထိခိုက်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကျယ်ပြန့်လွှမ်းခြုံတဲ့ ဖွံ့ဖြိုးရေးဆိုတာ မြန်မာပြည်က လူအများစုကြီးနဲ့ဆိုင်တဲ့ ပြဿနာတွေကို အမှန်တကယ် နားလည်ပြီး၊ အဲဒီပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းပေးမှသာ ဖြစ်လာနိုင်မှာပါ။

ပြောရရင် ဤခရီးကား ဝေးပါသေးတယ်။

မူရင်း။    ။ Think Again: Burma’s Economy by BY JARED BISSINGER (FP)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013