Home
မေးမြန်းခန်း
အိမ်ယာမြေပြဿနာ
DVB
·
March 30, 2019
အိမ်ယာမြေပြဿနာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာကို ဒီဗွီဘီသတင်းထောက် နေရီရီက ဦးကျော်ဇေယျ (ဥပဒေပညာရှင်၊ စာရေးဆရာ) နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကျွန်တော် ရှမ်းပြည်နယ်ကပါ။ ငွေကြေးအခက်အခဲရှိလို့ သိန်း ၁၀၀ ချေးတာကို အတိုး ၄ ကျပ်နှုန်းနဲ့ ၁၈ လအတွက် ၇၂ သိန်းပေါင်းပြီး စုစုပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် (ဟန်ဆောင်စာချုပ်) နဲ့ ချုပ်ဆိုခဲ့ပါတယ်။ ကျနော်ရန်ကုန်မှာ အလုပ်သွားလုပ်နေတုန်း ငွေချေးစာချုပ်သက်တမ်း မပြည့်ခင် ၈ လအကြာမှာ ငွေရှင်က ကျနော့်ခြံဝန်းသော့နဲ့ အိမ်သော့ကို ဖျက်ဆီးပြီး ၀င်ရောက်နေထိုင်နေပါတယ်။ ဥပဒေအရ ဘယ်လိုဆက်လုပ်ရမလဲ၊ ချေးထားတဲ့ငွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ဖြစ်နိုင်သလဲဆိုတာကို သိပါရစေ။ ဖြေ - အဓိကအားဖြင့်တော့ အရောင်းအဝယ်လုပ်တယ်ဆိုတာ မှတ်ပုံတင်မှ တရားဝင်တာပါ။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေက မှတ်ပုံတင်ရပါတယ်။ တချို့တွေက အရောင်းသာပြထားတာ လက်ရောက်ပြမထားပါဘူး။ အကျိုးသက်ရောက်အောင် မလုပ်ထားရင် ဟန်ဆောင်စာချုပ်ပဲ။ ဒါက တစ်ကဏ္ဍပေါ့။ ခုကသူ မရှိတဲ့အချိန်မှာ ဝင်ပြီးနေတော့ ရာဇဝတ်မှုမြောက်သွားပါပြီ။ အိမ်တံခါးတွေဖျက်တယ်၊ သော့ဖျက်တယ်ဆိုတော့ အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇၊ ၄၂၈ အကြုံးဝင်သွားတာပေါ့။ ၄၂၇ က တန်ဖိုး ၅၀ နဲ့ အောက် ဖျက်ဆီးမှုဖြစ်ပြီး၊ ၄၂၈ က တန်ဖိုး ၅၀ နှင့်အထက် အကျိုးဖျက်ဆီးမှုပါ။ ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှုလည်းဖြစ်ပါတယ်။ အိမ်ထဲဝင်ပြီ၊ ခြံထဲဝင်ပြီဆိုတာနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဆိုတဲ့ ကျော်နင်းမှုဖြစ်ပါတယ်။ အိမ်ထဲအထိ ကျူးလွန်ပြီဆိုရင် ၄၄၈ ကျော်နင်းမှုဖြစ်ပါပြီ။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိစ္စ၊ အရောင်းဝယ်ကိစ္စက တကဏ္ဍ ရှင်းရမှာပါ။ ဒါက “တရားမ” ကြောင်းနဲ့ ရှင်းရမယ့် ကိစ္စပါ။ ဒါကို လက်ရှိ ရှိနေတဲ့သူရဲ့ ခွင့်ပြုချက်မရဘဲနဲ့ အတင်းဖျက်ဆီးပြီး ဝင်တယ်ဆိုတာ ရာဇဝတ်မှု ဖြစ်သွားပါပြီ။ ရာဇဝတ်မှုမကင်းတဲ့ ကျော်နင်းမှုဖြစ်သွားတဲ့ အတွက်ကြောင့် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် အရေးယူလို့ရပါတယ်။ ကျန်တဲ့ကိစ္စကတော့ ငွေရေးကြေးရေးကိစ္စ၊ “တရားမ” ကြောင်းအရ ရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ပဲ ဖြေရပါ့မယ်။ မေး - ကျနော်က မြေချပါမစ်မြေကို ၀ယ်ထားသူတယောက်ပါ။ ဒါပေမယ့် စာရွက်စာတမ်း အတုမှန်းမသိဘဲ ၀ယ်မိသူအချို့ ငွေကြေးဆုံးရှုံးရတဲ့ သတင်းတွေကိုလည်း မကြာခဏ ကြားနေရပါတယ်။ ဒါကြောင့် ကိုယ့်လက်ထဲမှာရှိနေတဲ့ မြေချပါမစ် အတု၊ အစစ် ဟုတ်မဟုတ်ဆိုတာကို ဘယ်မှာစုံစမ်းလို့ရမလဲ။ နောက်ပြီးတော့ မြေချပါမစ်နဲ့ မြေငှားဂရံ လျှောက်လို့ ရပါသလားဆိုတာကို သိလိုပါတယ်။ ဖြေ - ပါမစ်ဆိုတဲ့ သဘောကတော့ စည်ပင်ဝပြောမှု မရှိသေးတဲ့နေရာမှာ စည်းကမ်းချက် သတ်မှတ်ပြီးတော့ အိမ်ယာ ဆောက်လုပ်ခွင့်ပေးဖို့ ပြောတာပေါ့။ ဒါကို ပါမစ်မြေလို့ခေါ်ပါတယ်။ ဒီ ပါမစ်မြေဟာ အတုလား၊ အစစ်လား သိချင် ရင်လွယ်လွယ်လေးပဲ။ ဒါကို စည်ပင်က ချပေးတာဖြစ်တဲ့အတွက်ကြောင့် စည်ပင်ရုံးသွားပြီး အတုလား၊ အစစ်လားဆိုတာ သွားမေးလို့ရပါတယ်။ အစစ်ဖြစ်တယ်ဆိုရင်တော့ အမည်ပေါက်တဲ့သူဆီက ဝယ်လို့ရပါတယ်။ နောက် အမည်ပေါက်တဲ့သူရဲ့ အဆက်အစပ်စာချုပ်အရလည်း ဝယ်ယူခွင့်ရှိပါတယ်။ ဒီအဆက်အစပ်စာချုပ် ကလည်း မှန်ဖို့လိုပါတယ်။ တချို့ကျတော့ တလက်နှစ်လက် ပြောင်းသွားပြီးတော့ ရှေးကဟာက အတုတွေ လုပ်ထားရင် ဒုက္ခရောက်တတ်ပါတယ်။ ဂရန်လျောက်လို့ ရလားဆိုတော့ အဲလို အဆက်အစပ်စာချုပ်ရှိတဲ့သူက စာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ ဂရန်လျှောက်လို့ရပါတယ်။ ချပေးတဲ့အခါကျရင်တော့ ပါမစ်အမည်ပေါက်တဲ့ သူနာမည်နဲ့ ချပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံး အဆက်အစပ်စာချုပ်နဲ့ အမှန်အကန် လျောက်ထားသူကို ဂရန်ခပေးပါတယ်လို့ပဲ ဖြေချင်ပါတယ်။ မေး - အိုးအိမ်တိုက်ခန်းလို့ လူသိများတဲ့ အစိုးရပိုင်တိုက်ခန်းတွေ အဆင့်ဆင့်လက်လွှဲ ရောင်းချနေတာတွေက ဥပဒေနဲ့ညီပါသလား။ တကယ်လို့ အဲဒီတိုက်ခန်းတခုခုနေရာမှာ အိမ်ရာစီမံကိန်းတခုခု ဆောက်ရာပဲဖြစ်ဖြစ်၊  အစိုးရပိုင် လုပ်ငန်းတခုခု အကောင်အထည် ဖော်တာပဲဖြစ်ဖြစ် .. ဒါမျိုးရှိလာရင် နောက်ဆုံးဝယ်ထားတဲ့သူက အကျိုးခံစားခွင့် ရပါမည်လား ဆိုတာကိုသိလိုပါတယ်။ ဖြေ - အိုးအိမ်ကနေ ဆောက်လုပ်ထားတာက အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိပါတယ်။ တိုက်ရိုက်ရောင်းတာပေါ့။ ဝယ်တဲ့သူက တရားဝင်ဝယ်လို့ရတယ်။ ဒီဝယ်တားတဲ့သူက တရားဝင် ထပ်ရောင်းလို့ရတယ်။ အိုးအိမ်က အမည်ပြောင်းပေးတာပေါ့။ တိုက်ရိုက်ပေါ့။ ခိုင်မာမှုရှိတယ်လို့ ပြောလို့ရတာပေါ့။ နောက်တမျိုးက အိုးအိမ်အခန်းတွေကို အရင်တုန်းကဆိုရင် ပြည်သူပိုင်သိမ်းတဲ့ အခန်းတွေရှိတယ်။ ၁၉၆၄ ခုနှစ်လောက်ကဆိုရင် ကုမ္ပဏီတွေ သိမ်းတဲ့အခါမှာ အိုးအိမ်ကနေပြီး သူ့အောက်မှာ အခန်းတွေကို ပြည်သူပိုင်သိမ်းတာတွေရှိပါတယ်။ အိုးအိမ်ကနေ သက်ဆိုင်ရာကို အငှားချထားပေးတယ်။ ဒါက လွဲပြောင်းရောင်းချခွင့်မရှိပါဘူး။ ဒါက တခုပါ။ နောက်တခုက အိုးအိမ်က ဆောက်လုပ်တဲ့ တိုက်တာအိမ်ရာတွေရှိသေးတယ်။ ဒါတွေကို အိုးအိမ်ကနေ အငှားချထားပေးတဲ့ သူတွေရှိတယ်။ ဒီဟာတွေကိုလည်း လွဲပြောင်းရောင်းချ ခွင့်မရှိပါဘူး။ ဒီတော့ အိုးအိမ် ကနေဆောက်လုပ်တဲ့ အဆောက်အဦ၊ အငှားချထားပေးတဲ့ အိမ်ရာရယ်၊ ပြည်သူပိုင်သိမ်းထားလို့ အိုးအိမ်ကနေ ကြီးကြပ်ပြီး အငှားခကောက်ခံနေတဲ့ အိမ်ရာတွေဟာ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ တခုရှိတာက အိုးအိမ်ကနေ တိုက်ရိုက်ရောင်းတဲ့အခန်း၊ ဝယ်ထားတဲ့အခန်းကို နောက်တဆင့်ရောင်းမယ်ဆိုရင် ခိုင်မာမှုရှိပါတယ်။ ဒါကြောင့် စီမံကိန်းတခုဖြစ်လာရင် စောစောကပြောခဲ့သလို့ အငှားချထားတာနဲ့ ရောင်းထားတာ မတူတဲ့သဘောပေါ့။ အငှားချထားတဲ့သဘောဆိုရင် အလွယ်တကူဖယ်ရှားပေးရမှာပါ။ နောက်ထပ်ဝယ်ယူထားတဲ့ သူတွေက တရားမဝင်တဲ့အတွက် ဒီအဆောက်အဦကို ဖျက်မယ်(သို့) အိုးအိမ်က ပြန်သိမ်းမယ်ဆိုရင် လက်မဲ့ဖြစ်သွားပါလိမ့်မယ်လို့ပဲ ဖြေကြားချင်ပါတယ်။ မေး - ကျမရဲ့ အမေက သူမသေခင်မှာ  သူပိုင်မြေကွက်ကို သားဖြစ်သူ ရဟန်းတပါးကို အမွေပေးချင်တယ်။ ဒါမှမဟုတ် လှူဒါန်းချင်တယ်လို့ပြောနေပါတယ်။ သိလိုတာက ရဟန်းသံဃာတွေအနေနဲ့ အမွေဆက်ခံခွင့်ရှိပါသလား။ သာသနာ့မြေအဖြစ် လှူဒါန်းမယ်ဆိုရင်ကော တရားဝင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိလိုပါ တယ်။ ဖြေ - ရဟန်းဘောင်ကိုဝင်သွားတဲ့ သူတွေက အမွေဆက်ခံခွင့် မရနိုင်တော့ပါဘူး။ ဆွေးခန်းမျိုးခန်း ပြတ်ပြီ၊ ပစ္စည်းခန်းပြတ်ပါပြီ။ ပေးချင်သပဆိုရင်တော့ လှူဒါန်းတဲ့သဘောမျိုးနဲ့ ရပါတယ်။ ဒါကို သာသနာမြေအဖြစ်နဲ့ သတ်မှတ်မယ်၊ နောက်ရေစက်ချပြီး လှူဒါန်းမယ်ဆိုရင် ဥပဒေနဲ့ ညီတယ်လို့ ဖြေကြားချင်ပါတယ်။ မေး - အိမ်ခြံမြေ အရောင်းအ၀ယ်ကိစ္စတွေမှာ “ဘီနာမီ“ လို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ စကားလုံးတခုရှိပါတယ်။ ဘီနာမီဆိုတာဘာလဲ၊ ဘီနာမီက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတာ သိလိုပါတယ်။ ဖြေ - “ဘီနာမီ” ရဲ့ အစဉ်လာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒနဲ့တော့ မဆိုင်ပါဘူး။  အိန္ဒိယလူမျိုးတွေ၊ တရုတ်လူမျိုး တွေက ဒီစနစ်ကို ကျင့်သုံးတာများပါတယ်။ ဗုဒ္ဒဘာသာတွေလည်း ကျင့်သုံးကြပါတယ်။ တရားဝင်ပါတယ်။ အမည်ခံ၊ အမည်ငှားစနစ်လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် ပစ္စည်းဥစ္စာချမ်းသာတဲ့ မိဘများက အရွယ်မရောက်သေးတဲ့ သားသမီးတွေအတွက် သူတို့နာမည်နဲ့ ဝယ်ထားတာဖြစ်ပါတယ်။ အဲဒါက သူတို့ (သား၊သမီး)က တကယ်ပိုင်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ငွေနဲ့ဝယ်တာ မဟုတ်ဘူး။ မိဘငွေနဲ့ဝယ်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီ“ဘီနာမီ”ကဘာ ပြဿနာဖြစ်လာနိုင်လဲဆိုတော့ အရွယ်ရောက်တဲ့အချိန် မိဘကလည်း မရှိတော့တဲ့အချိန်မှာ မိဘရဲ့စီစဉ်မှုကို သားသမီးတွေက နာခံမယ်ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး။ သို့သော် တယောက်က ဝင်ဒါမီယာမှာရထားတယ်၊ တယောက်က ဒဂုံဆိပ်ကမ်း၊ တယောက်က ရွှေပြည်သာမှာဆိုရင်တော့ ဝေပုံဝေ ကျက မမျှတဘူးဖြစ်နေပါတယ်။ ဒီလိုဆိုရင် ရွှေပြည်သာက မြေကိုရထားတဲ့ သားသမီးက မကျေနပ်ဘူး။ မကျေနပ်ရင်  ဒီဟာက အမွေပစ္စည်းပါ၊ “ဘီနာမီ” အမည်ခံအနေနဲ့ ဝယ်ပေးထားတာ။ တကယ်ပိုင်တာ မဟုတ်ဘူး။ မိဘဆုံးသွားတဲ့အခါ အမွေခံပစ္စည်း အနေနဲ့ ကျန်ရစ်တဲ့အတွက် ဒါကို အမွေပုံပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြန်ပြီးအညီအမျှ ခွဲဝေပေးပါလို့ စွဲလို့ရပါတယ်။ ဒါက “ဘီနာမီ” စနစ်ရဲ့အကျိုးသက်ရောက်မှုပေါ့။ ဒါကို အကဲခတ်တဲ့အခါမှာ နံပါတ် ၁ အချက်အနေနဲ့ ဝယ်ယူထားတဲ့သူက ဒီမြေကြီးကို ဝယ်ယူနိုင်တဲ့ အရည်အချင်းရှိတဲ့အချိန်မှာ ဝယ်တာလား၊ အရွယ်လည်းရောက်ပြီ၊ စီးပွားရေးလည်းရှိပြီ သူ့နာမည်နဲ့ဝယ်တဲ့ဆိုရင် ဘီနာမီလို့ပြောရခက်တယ်။ အရွယ်မရောက်၊ စီးပွားရေးလည်းမလုပ်ဘဲနဲ့ သူ့နာမည်နဲ့ဝယ်တယ်ဆိုရင် “ဘီနာမီ” လို့ပြောလို့ရသွားပြီ။ နောက် တချက်က ပိုင်ဆိုင်မှုစာရွက်စာတမ်းက မိဘက သူသိမ်းထားတာ၊ သားသမီးကို ပေးမထားဘူး။ ဒီတော့ ပိုင်ဆိုင်မှု စာရွက်စာတမ်းက ဘယ်သူဆီမှာရှိသလဲဆိုတာ ခြေရာခံတာပေါ့။ နောက်တချက်က လက်ရောက်ပေးထား သလားဆိုတာပါ။ ဝယ်ထားတဲ့ပစ္စည်းကို သူ့နာမည်နဲ့ဝယ်တယ်၊ သူက ဒီနေရာမှာလည်းနေတယ်၊ စာရွက်စာတမ်းလည်းပိုင်တယ်။ သူက အရွယ်ရောက်ပြီး ဝယ်နိုင်တဲ့ အရည်အချင်းလည်း   ရှိတယ်ဆိုရင် “ဘီနာမီ”ဟုတ်မဟုတ်ဆိုတာ အငြင်းပွားစရာဖြစ်တာပေါ့။ စောစောက အချက်သုံးချက်နဲ့ ငြိစွန်းနေရင်တော့ “ဘီနာမီ”ဆိုတာ သေချာတာပေါ့။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024