ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးတွင် မီးလန့်မှုဖြစ်ပွား

800
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မတ် ၂၉ ရက် နေ့လယ်ပိုင်းက မီးလန့်မှုတခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး မိနစ်ပိုင်းအကြာမှာ အစိုးရအဖွဲ့ရုံးရဲ့ မီးအချက်ပေးခေါင်းလောင်းဟာ ၅ မိနစ်နီးပါး မြည်နေတာကြောင့် လျှပ်စစ်ဌာနဝန်ထမ်းတွေနဲ့ မီးအချက်ပေးစနစ် တပ်ဆင်ခဲ့တဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။
"မီးအချက်ပြစနစ် ချို့ယွင်းတာမဟုတ်ဘူး၊ တယောက်ယောက်ဆေးလိပ်သောက်တာ ဖြစ်ပါလိမ့်မယ်။ ဆေးလိပ်သောက်တော့ ဆေးလိပ်မီးခိုးက ဝင်သွားတာနဲ့ တခါတည်း မီးအချက်ပေးစနစ်က အချက်ပြတာပေါ့။ ဘာပဲပြောပြော မီးအချက်ပေးစနစ် အလုပ်လုပ်လုပ်တယ်ဆိုတာလည်း ပြတာပေါ့" လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။
မီးလန့်မှုမဖြစ်ပွားခင် နာရီပိုင်းအလိုက ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း မြောင်းမြမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သတ်တဲ့ အဆိုတခု တင်သွင်းခဲ့ပြီး အဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ထောက်ခံခဲ့ပါတယ်။
"အဆိုကတော့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မီးဘေးအန္တရာယ် ပေါ့ဆ မီးလောင်မှု လျော့ချဖို့ကို တိုင်းအစိုးရကနေ အခုထက်ပိုပြီးတော့ အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ပါ။ အဆိုကို လွှတ်တော်ကိုယ်စားလှယ် လေးငါးဦးကလည်း ထောက်ခံဆွေးနွေး အဆိုတင်ပြီး ကလွမ် ကလွမ်နဲ့ ထမြည်တော့တာပဲ။ ရေဖြန်းစနစ်မပါလို့ သေးတယ်" လို့ အဆိုတင်သွင်းခဲ့သူ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ မြောင်းမြမြို့နယ် ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မီးအချက်ပြစနစ်ကို လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက စတင်တပ်ဆင်ခဲ့တာဖြစ်ပြီး အခုပထမဆုံး မီးအချက်ပေး ခေါင်းလောင်းထမြည်တာလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။