Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် ရက်ဆက်တိုက်ပွဲဖြစ်၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဟု တီအန်အယ်လ်အေပြော
နော်နိုရင်း
·
March 29, 2019
ရှမ်းပြည်နယ် နမ္မတူမြို့နယ်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တီအန်အယ်လ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။ ရှမ်းပြည်တပ်မတော် SSPP နဲ့ တအာင်းပလောင် တီအန်အယ်အေ ပူးပေါင်းတပ်နဲ့ တပ်မတော်အကြား မတ် ၂၆ ရက်ကနေစပြီး ရက်ဆက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး  မနေ့က တိုက်ပွဲပြင်းထန်တယ်လို့ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။ “၂၆၊ ၂၇၊ ၂၈ ပေါ့ သုံးရက်ဆက်တိုက်ပေါ့နော်။ ဒီနမ္မတူမြို့နယ် မိုင်မုကျေးရွာ အထက်ပိုင်းမှာဖြစ်တယ်။  မြန်မာ့တပ်မတော်တပ်မ ၁၀၁ သူ့ရဲ့ လက်အောက်ခံတပ်ရင်း ခမရ ၂၅၉ ရယ်၊ ၂၅၂ ရယ်ဖြစ်တယ်။ မနေ့ကတော့ တိုက်ပွဲပြင်းထန်တယ်။ မနေ့က ၇ နာရီခွဲလောက်ကနေစပြီးမှ ၁၀ နာရီခွဲအထိဖြစ်တယ်။ ၉ နာရီခွဲလောက်မှ ဒီမြန်မာ့တပ်မတော် နမ္မတူတပ်ပေါ့နော်။ အမြောက်နဲ့ လှမ်းပစ်တယ်။ မိုင်းမုဘက်ရော၊ ပန်သပြေဘက်ရော၊ နမ့်တောင်ကုန်းဘက်ရောပေါ့နော်။ ထိခိုက်မှုတွေရှိတယ်။ ဒေသခံတွေလည်း ထွက်ပြေးရတာရှိတယ်။ အသေးစိတ်ကတော့ မသိရဘူး။ နောက် ၉ နာရီခွဲကျော်ကျော်လောက်မှာ တော့ ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်ကူသွားတာလည်းရှိတယ်။” အဆိုပါဒေသမှာ အရင်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ TNLA ပူးပေါင်းတပ်တို့က တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်ပြီး RCSS က အပစ်ရပ်ကြေညာပြီး အဲဒီကနေထွက်ခွာပြီးနောက်ပိုင်း တပ်မတော်ဝင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရတာလို့ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။ “RCSS ထွက်သွားတော့ မြန်မာ့တပ်မတော်က စစ်ကြောင်း ၂ ကြောင်းက ၂၆ ရက်နေ့ကစပြီးမှ ကျနော်တို့ ရှိတဲ့ဘက်ကို တပ်တွေ တက်လာတယ်။ တက်လာတော့ လာပစ်တယ်။ လာပစ်တော့ တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်။ ကျနော်တို့ ရှိတဲ့နေရာကို မြန်မာ့တပ်မတော်က လာပစ်တာ။” ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို မတ်လ ၂၀ ရက်ကစပြီး အပစ်အခတ် ရပ်ထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် စစ်တိုင်းဒေသကြီး ၅ ခုမှာ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက် အထိ ၄ လကျော်ကြာ စစ်ဆင်ရေးရပ်ဆိုင်းထားဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ တပ်မတော်က ကြေညာထားပါတယ်။ မြန်မာ့တပ်မတော်က အပစ်ရပ်ကြေညာပြီးနောက်ပိုင်း သူတို့အဖွဲ့နဲ့ ပစ်ခတ်မှု ၁၅ ကြိမ်လောက်ဖြစ်ပွားခဲ့သလို မတ်လ ၂၁ ရက်နေ့ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနောက်ပိုင်း တိုက်ပွဲ ၄ ကြိမ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။ နမ္မတူမြို့နယ် တိုက်ပွဲနဲ့ပတ်သက်ပြီး အရှေ့မြောက်ပိုင်းတိုင်းပြောခွင့်ရသူ ဗိုလ်မှူးကြီး ၀င်းထွဋ်လင်းကို ဆက်သွယ်ခဲ့ပေမယ့် အသံမကြားရကြောင်း ပြောပြီး ပြန်ခြေကြားခြင်းမရှိသလို တပ်မတော်ပြည်သူ့ဆက်ဆံရေးညွှန်ချုပ် ဗိုလ်မှူးချုပ် ဇော်လင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024