မြောက်ဦးပစ်ခတ်မှုတွင် သေဆုံးပျောက်ဆုံးဒဏ်ရာရသူ ၅၀ ကျော်ရှိ

ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့  ပစ်ခတ်မှုတွေအတွင်း သေဆုံးသူအပါအဝင် ပျောက်ဆုံးသူနဲ့ ဒဏ်ရာရသူ ၅၂ ဦးရှိတယ်လို့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ)က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောပါတယ်။ ထိခိုက်သေဆုံးပျောက်ဆုံးသူ ၅၀ ကျော်ထဲမှာ မိုင်းနင်းခံရပြီး သေဆုံးတာ၊ လက်နက်ကျည်ထိမှန်ပြီး ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာနဲ့ ပျောက်ဆုံးနေတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုတွေကြောင့် မြောက်ဦးရှေးဟောင်း အမွေအနှစ်တချို့ ပျက်စီးတာတွေ့ရှိခဲ့ပေမယ့် အသေးစိတ် အတိအကျသိရဖို့ စာရင်း ပြုစုနေဆဲပဲ လို့လည်း ကော်မရှင်အဖွဲ့ဝင် ကပြောပါတယ်။ မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေအတွင်း ဒေသခံ ပြည်သူ ၇၀၀၀ လောက် နေရပ်စွန့်ခွာခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးသလို စစ်ရှောင်စခန်းတွေမှာလည်း စားဝတ်နေရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရပါတယ်။ တပ်မတော်နဲ့  ရက္ခိုင့်တပ်မတော် (အေအေ)တို့အကြား စစ်ရေးပဋိပက္ခကြောင့် ရခိုင်မြောက်ပိုင်း ၆ မြို့နယ်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ အသက်ဆုံးရှုံးထိခိုက်မှုတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေပျက်စီးမှုတွေကို ၇ ရက်အတွင်း ကွင်းဆင်းအစီရင်ခံဖို့  ရခိုင်အမျိုးသားပါတီက ပြီးခဲ့တဲ့သီတင်းပတ်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း တာဝန် ပေးခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာ သတ်မှတ်ရက် ပြည့်သွားပြီးဖြစ်ပေမယ့် စစ်ရေးအခြေအနေ ဆိုးရွားနေသေးတာကြောင့် မြောက်ဦးမြို့နယ်တခုတည်းက စာရင်းတွေကိုပဲ ကောက်ယူ နိုင်သေးသလို ကျန်တဲ့ မြို့နယ် ၅ ခုက  စာရင်းတွေ တက်မလာသေးဘူးလို့ ဆိုပါတယ်။ ကော်မရှင်အနေနဲ့ စာရင်းကောက်ယူပြီးစီးပါက  ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ထံ တင်ပြမှာဖြစ်ပြီး သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တခြားသက်ဆိုင်တဲ့အဖွဲ့တွေဆီ တင်ပြသွားဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up