တိုင်းရင်းသားလက်နက်ကိုင်များ အန်စီအေ လက်မှတ်ထိုးရန် တပ်မတော်တိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ မျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)ကို လက်မှတ်ထိုးကြဖို့ တပ်မတော်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့မနက် နေပြည်တော်မှာ ကျင်းပတဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားမိန့်ခွန်းမှာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့တာပါ။ တိုင်းရင်းသားဒေသတွေမှာ မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေဖို့နဲ့ မတရားမှုတွေ မဖြစ်စေဖို့ တိုင်းရင်သားလက်နက်ကိုင်တွေ အန်စီအေကို လက်မှတ်ထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်ကြဖို့ တပ်မတော်က တိုက်တွန်းလိုက်တာပါ။ ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေးငန်းစဉ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ဖြစ်စေ တပ်မတော်ရဲ့ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ဖြစ်စေ ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ညှိနှိုင်းဆွေးနွေးကြဖို့လည်း ထပ်မံ ကမ်းလှမ်းသွားပါတယ်။ ဒီကနေ့ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  ချော်လဲပြီး ဒူးဒဏ်ရာရထားတာကြောင့် တက်ရောက် နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီကနေ့ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာလည်း အရင်နှစ်တွေကလို တင့်ကားတွေ၊ ဒုံးလက်နက်တွေနဲ့ စစ်ရေးပြခဲ့တာမရှိပဲ တပ်မတော် စစ်ကြောင်းတွေနဲ့သာ ချီတက် စစ်ရေး ပြသွားပါတယ်။

More News
Up