A d v e r t i s e m e n t With Us

၁၅ နှစ်အရွယ် မြန်မာမိန်းကလေးကို လက်ထပ်မည့်တရုတ်အမျိုးသားကို ရဲတပ်ဖွဲ့ ဖမ်းဆီး

အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတဦးကို လက်ထပ်မယ့် တရုတ်အမျိုးသားတဦးနဲ့ တရုတ်ဇနီးမယားလုပ်ဖို့ စည်းရုံးသူ နှစ်ဦးတို့ကို တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့က လူကုန်ကူးမှု၊  လ၀ကမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ တာချီလိတ်မြို့နယ်၊ ဟွေအယ် ၂ ရွာမှာ မြန်မာအမျိုးသမီးတွေနဲ့ လက်ထပ်ထိမ်းမြားဖို့ တရုတ်နိုင်ငံသားတွေ ရောက်နေတယ် ဆိုတဲ့ သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုက တပ်ဖွဲ့ဝင်တွေဟာ မတ် ၂၄ ရက် ညနေအချိန်မှာ အဲဒီရွာကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ တာချီလိတ်မြို့နယ်နေ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတဦးနဲ့  သရက်ပင်ရွာနေ မခင်လှ(၁၈)နှစ်၊ မခင်လှရဲ့ ခင်ပွန်း တရုတ်နိုင်ငံသား Mr.Li Jinke (၃၁)နှစ်၊ မုန်းခမ်းချွန်မြို့၊ နာလင်းရွာ၊ တရုတ်နိုင်ငံနေသူနဲ့ အသက် ၃၃ နှစ်အရွယ် Mr.Luo Laosan တို့ကို တွေ့ရှိပြီး တပ်ဖွဲ့စိတ်ရုံးကို ခေါ်ဆောင် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ မြန်မာမိန်းကလေးရဲ့အိမ်ကို မခင်လှနဲ့ ခင်ပွန်း Mr.Li Jinke၊ Mr.Luo Laosan တို့ ရောက်လာပြီး Mr.Luo Laosan နဲ့ လက်ထပ်ရင် ချမ်းချမ်းသာသာနေထိုင်ရမယ်လို့ စည်းရုံးပြောဆိုပြီး မိဘတွေကို ထိုင်းဘတ်ငွေ ၅၀၀၀ (ကျပ်ငွေ ၂ သိန်းကျော်) ပေးခဲ့တယ်လို့ ဆိုပါတယ်။ Mr.Luo Laosan ဟာ သူ့ရဲ့ ဇနီးကွယ်လွန်သွားတာကြောင့် မခင်လှနဲ့ Mr.Li Jinke တို့က ချိတ်ဆက်ပေးတာလို့ မြန်မာမိန်းကလေးငယ်ကို လက်ထပ်ပြီး တရုတ်နိုင်ငံကို ခေါ်သွားဖို့ စီစဉ်နေခဲ့တယ်လို့ဆိုပါတယ်။ သူတို့ နှစ်ယောက်ဟာ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတာကို စစ်ဆေး တွေ့ရှိလို့ မခင်လှအပါအဝင် ၃ ယောက်လုံးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) နဲ့ တာချီလိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ မြန်မာနိုင်ငံက လူကုန်ကူးမှုအမြင့်ဆုံး အဆင့် ၁၈ ထဲမှာ ပါဝင်နေပြီး အများဆုံး လူကုန်ကူးခံရတာကတော့ တရုတ်နိုင်ငံကို ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up