Home
မြန်မာသတင်း
စည်ပင်ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှု လျော့နည်းနေဆဲဟု ကိုယ်စားလှယ်လောင်းများပြော
အောင်သူ
·
March 24, 2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲကျင်းပဖို့ ၇ ရက်ပဲလိုတော့ပေမယ့် မဲပေးဖို့ လူထု စိတ်ပါဝင်စားမှုက လျော့နည်းနေတုန်းပဲလို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ပဲပေးဖို့ လူထုစိတ်ဝင်စားမှုလျော့နည်းရခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ မဲမရခင်အချိန်မှာ လူထုနဲ့ထိတွေ့တာ ရှိခဲ့ပေမယ့် ရွေးချယ်ခံရပြီး နောက်ပိုင်းမှာ လူထုနဲ့ထိတွေ့တာ အဆက်ပြတ်သွားတာတွေကြောင့်လို့ အမှတ် ၄ မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်း  ဦးမျိုးမြင့်က သုံးသပ်ပါတယ်။ မတ်လ ၃၁ ရက်နေ့မှာကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို မြို့နယ် ၃၃ မြို့နယ် မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မဲပေးပိုင်ခွင့် ၃.၄ သန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။   လူထုစိတ်ပါဝင်စားမှုလျော့ နည်းရခြင်း အချက်တွေထဲမှာ မဲဆန္ဒရှင်တွေကို အသိပညာပေးမှုတွေ အားနည်းတာတွေကြောင့်လို့ ထောက်ပြတာတွေရှိပါတယ်။ အစိုးရပြောင်းပြီး ရန်ကုန်မြို့တော်စည်ပင်မှာ လူထုက ရွေးချယ်တဲ့ ရွေးကောက်ခံ မရှိတာကြောင့် စည်ပင်ရဲ့ အရေးကြီးတာကို လူထုကမျက်ခြည်ပြတ်နေတာလို့ သတင်းစာဆရာ ဦးဇေယျသူက ထောက်ပြပါတယ်။ အခုလို ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုလျော့နည်းရခြင်းဟာ ပြည်သူတွေအနေနဲ့ မဲပေးလည်း မထူးဘူးဆိုတဲ့ စဉ်းစားတာမျိုးကြောင့်သာ စိတ်ပါဝင်စားတာ လျော့နည်းခဲ့တာဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအတွက်ပါစိုးရိမ်ဖို့ ကောင်းပြီး မဲပေးတဲ့သူတွေလျာ့နည်းပြီး လူမှန်နေရာမှန် တွေ ပျောက်ဆုံးသွားနိုင်တယ်လို့လည်း  ထောက်ပြပါတယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ပြိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၉၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၂၃ ဦးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ၁၅၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024