ပရိသတ်များ သံလှောင်အိမ်ထဲက ကြည့်ရသည့် ပိုလန်တတိယတန်း ဘောလုံးပွဲ

ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘောလုံးပွဲစဉ်တခုဟာ တကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေနဲ့ သတင်းမီဒီယာတွေကို စွဲဆောင်နိုင်ခဲ့တယ်လို့ မတ် ၁၈ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ အကြောင်းကတော့ တခြားဘောလုံး ပြိုင်ပွဲတွေနဲ့မတူဘဲ ဒီပွဲကိုလာတဲ့ ဧည့်သည်ပရိသတ် ၁၀၀ လောက်ကို သံလှောင်အိမ်ထဲကပဲပွဲကို ကြည့်ရှုခွင့်ရခဲ့လို့ ဖြစ်ပါတယ်။ ဟက်နစ် ကရာကော အသင်းနဲ့ စပါတာကပ် ဒါလက်စီတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပိုလန်တတိယတန်း ပွဲစဉ်တခုကို ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အဝေးကွင်းကို လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဟက်နစ် ကရာကော အသင်းက ပရိသတ်တွေဟာ ပွဲကစားချိန် မိနစ် ၉၀ လုံး သံလှောင်အိမ်ထဲကပဲ အားပေးခဲ့ရပါတယ်။ အကြောင်းကတော့ နှစ်ဖက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားမှာ စိုးလို့ပဲဖြစ်ပါတယ်။ တခြားသော ဘောလုံးပြိုင်ပွဲတွေလိုပဲ ပိုလန်က ပွဲတွေမှာလည်း နှစ်ဖက်ပရိသတ်တွေကို  သီးသန့်ခွဲခြားအားပေးစေပါတယ်။ ဒါပေမယ့် ဒီလိုခွဲခြားမှုဟာ တဖက်ပရိသတ်နဲ့ တဖက်ပရိသတ်အကြား ကြီးမားတဲ့ နံရံတွေကာကွယ်ခြင်း၊ ထိုင်ခုံတွေ သီးသန့်ထိုင်စေခြင်းတို့နဲ့ တင်လုံလောက်ပါတယ်။ ဒါပေမယ့် စပါတာကပ် ဒါလက်စီအသင်းကတော့ ပြိုင်ဘက် ပရိသတ်တွေကို သံလှောင်အိမ်ထဲကို ထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို သံလှောင်အိမ်နဲ့ အားပေးခိုင်းတဲ့ အစီစဉ်ကို အသင်းက ပြီးခဲ့တဲ့နှစ်တွေကတည်းက ကျင့်သုံးခဲ့တာလို့ သိရပြီး ပရိသတ်တဦးက ဒါကိုဓာတ်ပုံ ရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့ မကြာသေးခင်အချိန်က ဟိုးလေးတကျော်ကျော် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီပုံနဲ့ သတင်းကို ဥရောပမှာရှိတဲ့ နာမည်ကျော် အားကစားသတင်းဌာနကြီးတွေက အပြိုင်အဆိုင် ဖော်ပြနေကြပြီး တချို့ပုံတွေမှာဆိုရင် သံလှောင်အိမ်ထဲကနေ အလုအယက် အားပေးနေကြသူများ၊ ပွဲကို ပိုမြင်ရဖို့ သံတိုင်တွေပေါ် ခိုတက်ကြည့်ရှုနေသူများကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ဧည့်သည်အသင်းက အိမ်ရှင်အသင်းကို တဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ ကစားသမားတွေက သံလှောင်အိမ်ထဲက သူတို့ပရိသတ်တွေကို သွားရောက်နှုတ်ဆက် ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိုးသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာပြီးတဲ့နောက်မှာ ဟက်နစ်ကရာကော အသင်း ဥက္ကဋ္ဌက ပြိုင်ဘက်အသင်းဟာ သူတို့ပရိသတ်တွေကို တောရိုင်းတိရစ္ဆာန်တွေလို ဆက်ဆံခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဝေဖန်မှုကို အိမ်ရှင်အသင်းဘက်က ချက်ချင်းတုံ့ပြန်ခဲ့ပြီး သူတို့အသင်းဟာ ပိုလန်တတ ယတန်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဒီလိုအစဉ်ကို ဘယ်အသင်းကမှ မဝေဖန်ခဲ့ဖူးကြောင်းနဲ့ ဒီလိုဧည့်သည်အသင်း ပရိသတ်တွေကို သံလှောင်အိမ်နဲ့ အားပေးစေတာ သူတို့တသင်းတည်း မဟုတ်ကြောင်းလည်း ပြန်လည်ပြောဆို ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up