Home
မြန်မာသတင်း
မဒေါက်တွင် ရေပြတ်လပ်သဖြင့် နွေစပါးစိုက်ဧက ၁၀၅ ဧကကျော် ပျက်စီးဆုံးရှုံး
DVB
·
March 23, 2019
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ အင်းအတွင်းကရေကို အသုံးပြုခွင့် မရတာကြောင့် နွေစပါးစိုက်ဧက ၁၀၅ ဧကကျော် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ၂၁၇ (ခ) ကွင်းမှာရှိတဲ့ နွေစပါးစိုက်တောင်သူ ၂၀ ကျော်ဟာ နှစ်စဉ် သင်္ဃန်းမြောင်အင်းက ရေကိုအမီပြုပြီး အောင်ရေအဖြစ် အသုံးပြုနေကြတာဖြစ်ပြီး ဒီနှစ်မှာ အင်းသားကြီးတွေက အင်းအတွင်းကရေကို အသုံးပြုခွင့်မပေးတာကြောင့် အခက်အခဲဖြစ်နေရတာလို့ တောင်သူ ကိုစန်းဝင်းက ပြောပါတယ်။ “နှစ်စဉ် အင်းထဲကရေကို အောင်ရေအဖြစ် အသုံးပြုနေပေမယ့် ဒီနှစ်မှာ အင်းသမားတွေ အင်းထဲကရေကို အသုံးပြုခွင့်မပေးဘဲ လိုက်လံတားဆီးတာတွေကြောင့် ရေအောင်မှုနည်းပြီး စပါးတွေခြောက်ပြီး သေကုန်ကြတယ်။” အင်းအတွင်းကရေကို အသုံးပြုခွင့်မရတာကြောင့် စက်ရေတွင်းတူပြီး အောင်ရေအဖြစ် အသုံးပြုနေပေမယ့် လုပ်သားခနဲ့ စက်ဆီဖိုးတွေကြောင့် ကုန်ကျစရိတ်တွေများနေပြီး ဆုံးရှုံးမှုနစ်နာမှု ခံနေနေရတယ်လို့ တောင်သူ ဦးကျော်ထူးက ဆိုပါတယ်။ “အောင်ရေ မရတာကြောင့် တုံကင်တူးရတာနဲ့တင် နှစ်သိန်းလောက် ကုန်တယ်။ အင်းထဲကရေကို စုပ်ယူတဲ့ ဆီဖိုးထက်တွင်းထဲက စုတ်ယူတာကဆီဖိုးက သုံးဆလောက်ပို ကုန်တယ်။ တူးနိုင်တဲ့လယ်သမားကျတော့လည်း စက်ဆီဖိုးပိုကုန်သလို တုံကင်မတူးနိုင်တဲ့ လယ်သမားကျတော့ စပါးတွေလိပ်ပြီး သေကုန်တယ်။ အလုပ်သမားခတွေနဲ့ပါဆို ဆုံးရှုံးမှုတွေကတော့ ဒီနှစ်ပိုများတာပေါ့။” တောင်သူတွေဟာ လက်ရှိ အင်းထဲကရေ အသုံးပြုနေကြတာဖြစ်ပြီး ရေမလုံလောက်တာကတော့ အင်းသမားတွေနဲ့ မဆိုင်ဘူးလို့ ဦးထွန်းအောင် (အင်းသားကြီး) ကပြောပါတယ်။ “သူတို့ကိုယ်တိုင်ပဲ အသုံးပြုနေပြီး ခုမှရေမလုံလောက်တာ ကျနော်တို့ အင်းသမားနဲ့ မဆိုင်ဘူးလေ။ လက်ရှိလည်း သူတို့ စုပ်ယူထားတာ စက်တွေလည်းရှိတယ်။ မြို့နယ်လယ်စည်ကနေ ညှိနှိုင်းပေးလို့ သုံးရက်ထိ သူတို့ကို ရေသွင်းခွင့်ပေးတယ်။ ကျနော်တို့ ငါးမဖမ်းဘဲ သုံးရက်ထိ သူတို့ကို စောင့်ပေးတယ်။ သူတို့ဘာသာ လာမသွင်းကြတာ။ ခုမှနွေးစပါး ပျက်စီးတယ်ဆိုတာတော့ အင်းသမားတွေနဲ့ မဆိုင်ဘူး။” မတ်လ ၈ ရက်နေ့က တောင်သူတွေနဲ့ အင်းသားကြီးတွေကို မြို့နယ်လယ်စည်အဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့လို့ ပြေလည်သွားခဲ့ပြီး ခုတချိန်ဖြစ်တာကိုတော့ လာရောက်တင်ပြတိုင်ကြားထားတာမျိုး မရှိသေးတာကြောင့် မသိရှိရသေးဘူးလို့ မြို့နယ်ငါးဦးစီး ဦးစန်ဝင်းက ပြောပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024