Home
မြန်မာသတင်း
ထိုင်းရာဘာခြံမှ မြန်မာဇနီးမောင်နှံ ပျောက်ဆုံး၊ ခင်ပွန်းဟု ယူဆရသည့်အလောင်း ရေကန်ထဲတွေ့
နန်းမြနဒီ
·
March 22, 2019
ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် လန်ဆွန်မြို့နယ် ဘန်ဝမ်းကျေးရွာအုပ်စုထဲမှာ ပျောက်ဆုံးနေတဲ့ မြန်မာဇနီးမောင်နှံနှစ်ဦးထဲက ကြိုးတုပ်ပြီး အိတ်ထဲထည့်ကာ ရေကန်ထဲပစ်ချခံထားရတဲ့ ခင်ပွန်းလို့ ယူဆရတဲ့ အမျိုးသားအလောင်းကို ပြန်တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ဘက်ကနေ ထိုင်းတောင်ပိုင်း ရာဘာခြံ တခုမှာ အလုပ်သွားလုပ်နေတဲ့  ကိုမိုးကျော် (၃၀ နှစ်) နဲ့ ဇနီးဖြစ်သူ အေးမိုးခိုင် (၄၁ နှစ်) တို့ဟာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာပါ။ မတ် ၂၀ ရက်နေ့ကတော့ သူတို့ခြံနဲ့ မနီးမဝေး ရေကန်တခုအတွင်း ကြိုးတုပ်ပြီး အိတ်ထဲထည့်ကာ လာပစ်ထားတဲ့ အလောင်းတလောင်းတွေ့ရတာလို့  ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ “ပျောက်ဆုံးနေတဲ့ လင်မယားရဲ့ အမျိုးပေါ့နော်၊ သူတို့ကနေပြီးတော့ ကော့သောင်းမှာရှိတဲ့ လူကုန်တား ဒုရဲမှူးကိုဆက်သွယ်ပြီးတော့ ဒုရဲမှူးကလည်း ကျနော်တို့ဆီဆက်သွယ်လာတာေ ပါ့နော်။ သူတို့ပြောပုံအရ စနေနေ့ ၁၆ ရက်နေ့ညက စပြီးတော့ ပျောက်တာပေါ့နော်။ နောက်နေ့မနက်ကျတော့မှ အိမ်ထဲမှာ ၅ နှစ်ရွယ် သတို့ကလေးလေး ငိုနေတာကို အဲဒီနားက လူတွေ သွားတွေ့တာ။ ခါတိုင်းဆို အဖေအမေတွေက အဲဒီမှာပဲပေါ့၊ အဲဒါနဲ့လိုက်ရှာကြတာ မတွေ့ဘူး၊ ၃ ရက်ကြာတော့မှ ရဲကိုအကြောင်းကြားတယ်။ သူတို့ ကလေးကိုတော့ ကော့သောင်းက အမျိုးတွေ လာခေါ်သွားတယ်။ ၂၀ ရက်နေ့ကတော့ ထိုင်းဦးလေးကြီး တယောက်က သူတို့ခြံနဲ့ သိပ်မဝေးတဲ့ ရေကန်နားမှာ အသားစားတဲ့ ဖွတ်ကြီးတွေတွေ့လို့ မသင်္ကာလို့ လိုက်ကြည့်တော့ အလောင်းမှာ ခန္ဓာကိုယ်ကိုကြိုးနဲ့တုပ်ထားပြီးတော့မှ မြွေရေခွံအိတ်ထဲ ထည့်ပြီးတော့ ချောင်းထဲပစ်ထားတာ တွေ့ရတယ်တဲ့။” အလောင်းကို လန်ဆွန်ရဲတပ်ဖွဲ့က သယ်ဆောင်သွားပြီး ပျောက်ဆုံးသူ ကိုမိုးကျော် အလောင်း ဟုတ်မဟုတ်ကိုတော့ သက်ဆိုင်ရာ ဆွေမျိုးတွေက လာရောက်အတည်ပြုဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ သူတို့ FED အဖွဲ့အစည်းအနေနဲ့ကတော့ မြန်မာအလုပ်သမားသံအရာရှိထံ ဆက်သွယ် အကြောင်းကြားပေးခဲ့သလို ဥပဒေပိုင်းအရ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမယ်လို့ ကိုမင်းဦးက ပြောပါတယ်။ ထိုင်းတောင်ပိုင်းရှိ ရာဘာခြံတွေမှာ များသောအားဖြင့် လူသူမနီး တောထဲမှာရှိတာမို့ အလုပ်သမားတွေ လုယက်ခံရ၊ သတ်ဖြတ်ခံရတာတွေ ရှိခဲ့ကြောင်း၊  မလုံခြုံစွာ လုပ်ကိုင်စားသော က်နေရပေမယ့် တခြားလုပ်ငန်းထက် လုပ်အားခပိုကောင်းတာ၊ ရွေးစရာလမ်း မရှိတာတွေကြောင့် စွန့်စားလုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024