မြောက်အမေရိက၏ အရှည်ဆုံး မစ်ဇူရီမြစ် ရေလျှံမှုကြောင့် ပြည်နယ်အချို့တွင် ရေလွှမ်း

ပြီးခဲ့တဲ့ သီတင်းပတ်က ဝင်ရောက်ခဲ့တဲ့ ဆောင်းနှောင်းကာလ မုန်တိုင်းနဲ့ ဒီသီတင်းပတ်မှာ နှင်းတွေ အမြန်အရည်ပျော်စေတဲ့ ပူနွေးတဲ့ မိုးလေဝသကြောင့် မတ်လ ၂၀ ရက်က မြောက်အမေရိကရဲ့ အရှည်ဆုံး မစ်ဇူရီမြစ်ဟာ ရေလျှံနေပါတယ်။ ဒီအတွက် မစ်ဇူရီ၊ နီဘရာစကာနဲ့ အိုင်အိုဝါပြည်နယ်တွေမှာ ရေလွှမ်းနေပြီး အဲဒီပြည်နယ်သုံးခုရဲ့ နေရာအားလုံး ဒါမှမဟုတ် နေရာတချို့မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်နောက်ပိုင်း ရေကြီးတာကြောင့် နီဘရာစကာနဲ့ အိုင်အိုဝါ ပြည်နယ်တွေမှာ လူလေးဦး သေဆုံးပါတယ်။ အနောက်အလယ်ပိုင်းပြည်နယ် ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုဟာ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရှိပါတယ်။ ရေကျပြီးနောက်ပိုင်း ပျက်စီးတဲ့ လမ်းတံတားတွေ၊ နေအိမ်တွေ ပေါ်လာနိုင်တာမို့ အပျက်အစီး တန်ဖိုးပမာဏ မြင့်တက်လာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးပါတယ်။ ဒီအတွက် မစ်ဇူရီပြည်နယ် တာဝန်ရှိသူတွေက မြစ်ကြောင်းတလျှောက် သဲအိတ်တွေ ကာရံပြီး မြစ်ရေတက် အနီးဝန်းကျင်က အဝေးပြေးလမ်းမတွေကို ပိတ်ခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ပါဆန်ကလည်း မြစ်နားမှာ နေထိုင်သူတွေကို သတိဝီရိယ ရှိကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up