Home
မြန်မာသတင်း
လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဧပြီလမကုန်ခင် အပြီးသတ်ညှိနှိုင်းရန် သဘောတူ
နော်နိုရင်း
·
March 20, 2019
လွိုင်ကော်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ နှစ်ဖက်လက်ခံနိုင်တဲ့ ဖြေရှင်းချက်ရရှိဖို့ ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းကြရန်နဲ့ ဧပြီလမကုန်ခင် ပြန်လည်တွေ့ဆုံ အပြီးသတ်ညှိနှိုင်းရန် သဘောတူညီမှုရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ KEINNARA ဟိုတယ်မှာ ဒီကနေ့ ငါးပွင့်ဆိုင်ဆွေးနွေးခဲ့ကြပြီး  ပြည်နယ်အစိုးရနဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ကန့်ကွက်နေတဲ့ သပိတ်ကော်မတီအကြား သဘောတူညီမှုရရှိခဲ့တာပါ။ ဆွေးနွေးပွဲမှာ ပြည်နယ်အစိုးရဘက်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လက်ရှိအတိုင်း ထားပြီး အဲဒီနေရာမှာ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေ၊ ပင်လုံစာချုပ်ပါ အချက်တွေ စတာကိုလည်း နှစ်ဖက် ညှိနှိုင်းပြီး ကမ္ပည်းကျောက်စာတွေထားဖို့နဲ့ ရုပ်တုကို ဒီအတိုင်းထားပြီး ကရင်နီ တိုင်းရင်းသား ခေါင်းဆောင်တယောက်ရဲ့ ရုပ်တုကိုလည်း ထားရှိဖို့  အဆိုပြုချက် ၂ ရပ် တင်ပြခဲ့ပါတယ်။ ကရင်နီပြည်အင်အားစု သပိတ်ကော်မတီကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ် ပြင်ပကို ပြောင်းရွှေ့ဖို့၊ ဒီလိုအဆင်မပြေဘူးဆိုရင်လည်း အန်အယ်လ်ဒီရုံး၊ ပရဟိတရုံးလို အများနဲ့ မသက်ဆိုင်တဲ့နေရာ တခုခုကို ပြောင်းရွှေ့ဖို့ အဆိုပြုချက် ၂ ရပ် ပြန်လည်တင်ပြခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ၂ ခုကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုကိစ္စ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော ဖြေရှင်းချက်ရရှိရေး ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းကြရန်နဲ့  နှစ်ဖက်အဆိုပြုချက်နည်းလမ်းတွေအပေါ်မှာ ပြန်လည်သုံးသပ်ကာ ၂၀၁၉ ဧပြီလမကုန်မီ လေးပွင့်ဆိုင် ပြန်လည်တွေ့ဆုံ၍ အားလုံးလက်ခံနိုင်တဲ့ ဖြေရှင်းချက်ရရှိရေးအပြီးသတ် ဆွေးနွေးကြရန်တို့ ဖြစ်ပါတယ်။ ကရင်နီပြည်လူငယ်များအင်အားစုက ပြောခွင့်ရသူခွန်းသောမတ်စ်က “ဒီကနေ့ ငါးပွင့်ဆိုင် တွေ့ကြတယ်။ အဖြေကတော့ တစုံတရာ ရရှိထားတာမရှိဘဲနဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေပဲ ပေါ်လာတယ်ပေါ့နော်။ ဆိုတော့ ဒါကိုလည်း ကျနော်တို့ လက်ခံထားတယ်။ လက်ခံရတဲ့အကြောင်းရင်းကလည်း ဒီတွေ့ဆုံညှိနှိုင်းမှုနဲ့အသားပိုပေးတဲ့အတွက် ဒီကိစ္စကို ထပ်မံတွေ့ဆုံဖို့ ကျနော်တို့ လက်ခံရခြင်းဖြစ်တယ်။ ဆိုတော့ ကျနော်တို့ စာချုပ်ထဲမှာ မပြောဖြစ်လိုက်တဲ့ဟာ တခုရှိပါတယ်။ ကျနော်တို့ နောက်တခေါက်တွေ့ဆုံတဲ့အခါကျရင် ဖြေရှင်းနိုင်တဲ့ ရလဒ်အထိ ကျနော်တို့ရအောင်သွားကြမယ်ဆိုတဲ့သဘောတူညီခဲ့တယ်။” ဒါ့အပြင် ဧပြီလမတိုင်ခင်ကြားကာလမှာ ကြေးရုပ်အနား တာဝန်ရှိသူမှအပ တတ်နိုင်သမျှ တခြားလူတွေ အဲဒီထဲမ၀င်လာဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။ ဒီလိုဆွေးနွေးနေဆဲကာလအတွင်းမှာ ဂန္ဒဟေ၀န်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ဒီ တိုင်းထားရှိမှာဖြစ်ပြီး ပန်ခြံရဲ့ အနောက်တံခါးကို ပိတ်ထားပေးမှာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။ “လောလောဆယ်တော့ နဂိုအတိုင်းပဲ ခဏထားမယ်။ ဧပြီနောက်ဆုံးပတ်မတိုင်ခင် ဆွေးနွေးကြမယ်၊ သူတို့တောင်းဆိုတဲ့အတိုင်းလေးတွေတော့ တံခါးက အနောက်ဖက်တံခါးကို ပိတ်ထားပေးမယ်။” ဒီဆွေးနွေးပွဲကို ပြည်နယ်အစိုးရဘက်က ကယားပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးရာ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ကြပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ် အဖွဲ့အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ချုပ်၊ နိုင်ငံတော်သမ္မတရုံး ဒု ညွှန်ချုပ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်မှူးနဲ့ NRPC/PC တို့ တက်ရောက်ပါတယ်။ ဒ့ါအပြင် ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ၊ ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တာဝန်ရှိသူတွေ၊ အသိသက်သေ အနေနဲ့ လွိုင်ကော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တခြား အကျိုးဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024