မြန်မာနိုင်ငံမှာ တနှစ်ကို ကိုယ်ဝန်ဆောင် ၁ သန်းလောက် ကိုယ်ဝန်ဆောင်တဲ့ အနက် မိခင် ၃ သိန်းခွဲလောက် ကိုယ်ဝန်ပျက်ကျမှု ဖြစ်ပွားနေတယ်လို့ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့ဝင် ဒေါက်တာစစ်နိုင်က ပြောပါတယ်။
ဒီအရေအတွက်ဟာ တရက်ကို မိခင် ၉၅၈ ယောက် ကိုယ်ဝန်ပျက်ကျနေတဲ့ သဘောဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ်မှာ ကျင်းပတဲ့ World Contraception Day အခမ်းအနားမှာ အစိုးရနဲ့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကိုးကားပြီး သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီကိုယ်ဝန်ပျက်ကျမှုတွေထဲမှာ ကိုယ်ဝန်မဆောင်နိုင်လို့ ပျက်တာပါသလို တရားမ၀င် ကိုယ်ဝန်ဖျက်ချတာတွေလည်း ပါတယ်လို့ သူက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ မီးဖွားသူ ၁ သိန်းမှာ သေဆုံးသူ ၃၁၆ ယောက် ရှိနေပါတယ်။










