မန်လည်ရွာတွင် ဗုဒ္ဓစာပေသမိုင်းပြတိုက် ဖွင့်လှစ်
DVB
·
March 20, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မန်လည်ကျေးရွာမှာ ဗုဒ္ဓစာပေ သမိုင်းပြတိုက်ကို မတ်လ ၂၀ ရက် မနက်က ဖွင့်လှစ်ခဲ့ပါတယ်။
ကသာခရိုင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုညိုကိုနိုင်က “မန်လည်ဒေသမှာ ပြည်တွင်း ပြည်ပခရီးသွားတွေ ဝင်ရောက်မှု ဟာ တဖြည်းဖြည်းနဲ့ များပြားလာနေပါတယ်။ မန်လည်ဆရာတော်ဘုရားကြီးရေးသားပြုစုခဲ့တဲ့ စာပေကျမ်းဂန်တွေ ဘွဲ့တံဆိပ်တော်တွေ ပန်းချီကားတွေ အသုံးအဆောင်ပစ္စည်းတွေကို ယခင်က မန်လည်ဘုန်းကြီးကျောင်းပေါ်မှာ ပြသထားခဲ့ပါတယ်။ ယခုအခါ အလှူရှင်တဦးတည်းကနေ လှူဒါန်းခဲ့လို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြည်တွင်းပြည်ပခရီးသွားတွေအနေနဲ့ တနေရာတည်းမှာ စုံလင်စွာ လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မန်လည်ကျေးရွာမှာ ဗုဒ္ဓစာပေသမိုင်းပြတိုက်၊ ကျောင်းမုခ်ဦး၊ အုတ်တံတိုင်း၊ ကွန်ကရစ် လျှောက်လမ်းတို့ဖောက်လုပ်ဖို့ ကသာမြို့က ဦးကိုကိုထူးနဲ့ ဒေါ်စန္ဒာအောင် (ထူးသစ္စာမြိုင်) မိသားစုက လှူဒါန်းခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်မှာ မန်လည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူတဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲကိုလည်း ကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။
သတင်း- ကိုကိုလင်း(အင်းတော်)