ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ လွိုင်ကော်မြို့တွင် ၅ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး
နော်နိုရင်း
·
March 20, 2019
ကယားပြည်နယ် လွိုင်ကော်ပန်းခြံထဲထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး လွိုင်ကော်မြို့ KEINNARA ဟိုတယ်မှာ ဒီကနေ့မနက် ၉ နာရီက စတင် တွေ့ဆုံဆွေးနွေးနေပါတယ်။
ဒီဆွေးနွေးပွဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မီတီ၊ ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မီတီနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ တက်ရောက်ဆွေးနွေးနေကြတာပါ။
ဆွေးနွေးပွဲမစခင်မီိဒီယာတွေကို ဓါတ်ပုံရိုက် သတင်းယူခွင့်ပေးထားပေမယ့် စတင်ဆွေးနွေးချိန်မှာတော့ မီဒီယာတွေကို ၀င်ခွင့်မပြုဘဲ သတင်းယူခွင့် ပိတ်ထားပါတယ်။
လွိုင်ကော်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို မတ်လ ၁၇ ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့နဲ့ ဒီကိစ္စကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကတာဝန်ယူ ဖြေရှင်းပေးဖို့ ကရင်နီလူငယ်တွေက မတ်လ ၁၂ ရက်က ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အဖွဲ့ပေါင်းစုံပါဝင်တဲ့ ငါးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာခဲ့တာပါ။