အမေရိကန် ဟဲဗီးမက်တယ်လ် တေးဂီတအဖွဲ့ – Mötley Crüe အကြောင်းရုပ်ရှင် The Dirt (နမူနာ)

ဟောလိဝုဒ် Biographical Musical Comedy Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Dirt ရုပ်ရှင်ကို လာမယ့် မတ်လ ၂၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jeff Tremaine က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး Netflix အွန်လိုင်းမီဒီယာ ကော်ပိုရေးရှင်းကတဆင့် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ဂီတသမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ အမေရိကန် ရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Mötley Crüe အကြောင်းကို အမေရိကန် နာမည်ကြီး ဂျာနယ်လစ် စာရေးဆရာ Neil Strauss ရေးတဲ့ အတ္ထုပ္ပတ္တိစာအုပ် The Dirt: Confessions of the World's Most Notorious Rock Band ကို ရုပ်ရှင်အဖြစ် အသက်သွင်း ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ Mötley Crüe အဖွဲ့ကို ၁၉၈၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဘေ့စ်ဂစ်တာသမား Nikki Sixx၊ ဒရမ်သမား Tommy Lee၊ အဆိုသမား Vince Neil နဲ့ လိဒ်ဂစ်တာသမား Mick Mars တို့ ပါဝင်ပါတယ်။ ဒီကားထဲမှာတော့ အောင်မြင်မှုလမ်းကြောင်းပေါ် တမူကွဲပြားတဲ့ ဟဲဗီးမက်တယ် တေးသွားတွေနဲ့ ဘယ်လိုထိုးဖောက်ခဲ့သလဲ။ သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေ၊ အောင်မြင်မှု နောက်ကွယ်က ကြိုးစားရုန်းကန်ခဲ့ရတာတွေကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ Douglas Booth၊ Machine Gun Kelly၊ Daniel Webber၊ Iwan Rheon တို့က အဓိက ဇာတ်ကောင်တွေ နေရာကနေ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဂီတဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားထဲမှာတော့ Machine Gun Kelly က Featuring သီဆိုပေးထားတဲ့ The Dirt အပါအဝင် Mötley Crüe အဖွဲ့ရဲ့ Soundtracks သီချင်း ၁၈ ပုဒ်အထိ ထည့်သွင်းထားခဲ့တာမို့ ပရိသတ်တွေ သဘောကျ နှစ်သက်ကြမှာပါ။ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up