လွိုင်ကော် ထေးငှါးလျားတွင် မီးလောင်
နော်နိုရင်း
·
March 19, 2019
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ထေးငှါးလျားအုပ်စု ၄ မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
ထေးငှားလျားအုပ်စု ၄ အိမ်နံပါတ် ၇၂ နေအိမ်မှာ မိသားစုဝင်တွေမရှိချိန် အိမ်မီးလောင်ခဲ့တာဖြစ်ပြီးအိမ်တွင်းပစ္စည်းအားလုံး မီးထဲပါသွားတယ်လို့ အိမ်ရှင်ဦးဇီရယ်ဖဲလော်က ပြောပါတယ်။
“အိမ်မှာဘယ်သူ့မှမရှိဘူး။ အိမ်ကသမီးတယောက်ဆေးရုံတက်တော့ ဆေးရုံ အကုန်လုံးသွားတယ်လေ။ ”
ကျေးရွာခံ ဦးဗျံက “ကျနော်တို့လည်း ရွာထဲမှာ သာရေးရှိတယ်လေ။ အဲဒီမှာ သွားကူညီတာ။ အဲကနေ မီးလောင်တယ်ဆိုပြီးမှ ပြန်လာဝိုင်းသတ်ကြတာ”လို့ ပြောပါတယ်။
မီးလောင်ချိန် အိမ်ထဲလူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ဆိုင်ကယ်တစီးနဲ့ အိမ်ရှိ ပစ္စည်းအားလုံး မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးသွားလို့ တာဝန်ရှိသူတွေအနေနဲ့ အကူအညီပေးစေချင်တယ်လို့ အိမ်ရှင်က ပြောပါတယ်။
တာဝန်ရှိတဲ့ မီးသတ်တပ်ဖွဲ့နဲ့ ရဲအရာရှိတွေကတော့ အဆိုပါ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
သတင်း- ဓာတ်ပုံ - နော်နိုရင်း