Live
Home
မြန်မာသတင်း
နိုင်ငံသားကတ်လုပ်ရာတွင် ခွဲခြားခြင်းမရှိကြောင်း လက်မှတ်ရေးထိုးခိုင်းသည့်အပေါ် ကန့်ကွက်
ပိုင်စိုး
·
March 18, 2019
ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရေးကတ်နဲ့ နိုင်ငံကူးလက်မှတ် လုပ်ရာမှာ ခွဲခြားမှု မရှိဘူးလို့ လဝကမြို့နယ်ဦးစီးမှူးက ထောက်ခံလက်မှတ်ရေးထိုးခိုင်းခဲ့တဲ့ အပေါ် ဗလီဂေါပကတွေက ကန့်ကွက်လိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ်မှာ ဒေသခံ တယောက်က ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရာမှာ ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်လို့ တင်ပြခဲ့ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ပြန်ရောက်ရင် လဝက ဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ ပြန်ဖြေခဲ့ပြီး အဲဒီနေ့ ညနေမှာပဲ ပဲခူး လဝက မြို့နယ်ဦးစီးမှူးက မြို့ပေါ်က ဗလီဂေါပကတွေကိုခေါ်ပြီး အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရေးကတ်လုပ်ရာမှာ ခွဲခြားမှု မရှိဘူးလို့ ထောက်ခံ လက်မှတ်ရေးထိုးခိုင်ခဲ့တာပါ။ အဲဒီနေ့က မြို့ပေါ်ဗလီ ၅ လုံးက ဂေါပကတွေကိုခေါ်ပြီး အသင့်ရေးထားတဲ့ စာရွက်မှာ လက်မှတ်ထိုးခိုင်းခဲ့ပေမယ့် ၄ လုံးကပဲ ထိုးခဲ့ပါတယ်။ ဒီနောက်မှာတော့ သက်ဆိုင်ရာဗလီ အသီးသီးရဲ့ ဂေါပကတွေက အဲဒီထောက်ခံစာတွေကို လက်မခံ ကန့်ကွက်တယ်လို့ စာတွေ ပြန်ထုတ်ခဲ့တာပါ။ ၅ လမ်းဗလီဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက “အဲဒီနေ့က ဂေါပက အဖွဲ့ဝင်စာရင်းစစ်က ထိုးခဲ့တာ။ ဂေါပကအဖွဲ့ ဆုံးဖြတ်ချက်မပါလို့ အဲဒီစာဟာ တရားမဝင်သလို ခွဲခြားမှုတွေ ရှိနေတာလည်း အမှန်ပဲ။ မှတ်ပုံတင်ပျောက်လို့ ပြန်လျှောက်ရင်တောင်မှ အသစ်လျှောက်သလို လျှောက်ရတာ” လို့ ပြောပါတယ်။ ပဲခူးဒေသခံ ကိုမျိုးကိုက “အစ္စလာမ်နဲ့ ဟိန္ဒူဘာသာဝင်တွေ မှတ်ပုံတင်လုပ်မယ်ဆိုရင် လဝက ရုံးကို ညနေ ၃ နာရီမှ သွားရတယ်။ တခြားသူတွေလို သွားချင်တဲ့အချိန် သွားလို့မရဘူး။ လိုအပ်တဲ့ အထောက်အထား အပြည့်အစုံပေးပေမယ့် ၂ လကနေ ၃ လကြာမှ ရတယ်။ ဘာသာမတူတော့ဘူး ဆိုတာနဲ့ တဆင့်နိမ့်နိုင်ငံသားလို ခွဲခြားဆက်ဆံခံရတယ်။ စာသင်ကျောင်း တွေမှာ ကလေးတွေကို မှတ်ပုံတင် လုပ်ပေးရင်လည်း မရကြဘူး။ ပြီးတော့ အစ္စလာမ်ဘာသာဝင် ဆိုတာနဲ့ တိုင်းရင်းသား သီးသန့်နဲ့ မပေးဘူး။ နိုင်ငံခြား တခုခုထည့်ပေးရတယ်။ မထည့်ရင် မှတ်ပုံတင်မရဘူး” လို့ ပြောပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို တိုင်စာပေးပို့ဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။ ပဲခူးဒေသခံ အစ္စလာမ်ဘာသာဝင် တယောက်ကလည်း သူ့အမျိုးသမီးအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားတာ ၃ လ ကြာနေပေမယ့် မရသေးဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပဲခူးမြို့နယ် လဝက ဦးစီးမှူး ဦးမျိုးတင့်ကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024