Home
မြန်မာသတင်း
အေအေစခန်းများကို အိန္ဒိယတပ်က တိုက်ခိုက်ခဲ့ခြင်းမရှိဟု  ရက္ခိုင့်တပ်မတော်ငြင်းဆို
DVB
·
March 18, 2019
အိန္ဒိယ-မြန်မာနယ်စပ်ရှိ အေအေတပ်စခန်းတွေကို အိန္ဒိယစစ်တပ်က တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ရက္ခိုင့်တပ်မတော်(အေအေ)က  ငြင်းဆိုလိုက်ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးအဖြစ်  နှစ်နိုင်ငံ နယ်စပ်ရှိ သူပုန်စခန်း တဒါဇင်လောက်ကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့  မတ်လ ၁၅ ရက်က Times of India အွန်လိုင်း သတင်းမှာ ဖော်ပြခဲ့တာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး အေအေပြန်ကြားရေတာဝန်ခံ ခိုင်သုခက “အဲဒီလို ဖြစ်စဉ်မျိုးကတော့ ဘာမှမရှိဘူး။ အိန္ဒိယ မီဒီယာတချို့မှာ ပြောနေကြ သလိုမျိုး တကယ့် လက်တွေ့မြေပြင်မှာတော့ အဲလိုမျိုး အဆင့်ထိတော့ မရှိဘူး။ ဒါပေမဲ့ အိန္ဒိယ စစ်တပ်ဖက်ကတော့ မီဇိုရပ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ ဆက်စပ်တဲ့ နေရာတဝိုက်ကို သူတို့ဖက်ကနေ အင်အား နှစ်ထောင်လောက်ချပြီးတော့ သူတို့နယ်မြေလုံခြုံရေးကို ရှင်းလင်းရေး လုပ်တာတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ရခိုင့်တပ်မတော်က တပ်ဖွဲ့တွေနဲ့ ဒီနယ်စပ်မှာ ထိပ်တိုက်ရင်ဆိုင်မှုရှိတာတို့၊ ဘာတို့တော့ ဘာမှမရှိဘူး။ သူတို့က အိန္ဒိယပိုင်နက်ထဲမှာပဲ သူတို့ အလုပ်သူတို့လုပ်နေတာ”လို့ ပြောပါတယ်။ မြန်မာတပ်မတော်ဟာ ပလက်ဝမြို့နယ်ထဲက အေအေတပ်စခန်း ၁၀ခုကနေ ၁၂ ခုလောက်ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ လည်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးပါတယ်။ စစ်ကိုင်းတိုင်းထဲမှာလည်း ဇန်နဝါရီလကုန်ပိုင်းလောက်ကစတင်ကာ  NSCN (Khaplang)၊ ULFA(I)၊ NDFB (S) စတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စခန်းတွေကိုလည်း တပ်မတော်က စစ်ဆင်ရေးဆောင်ရွက် ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ဘက်က နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ သူပုန်စခန်းတွေကို နှိမ်နင်းဖို့ စစ်ဆင်ရေးတွေကို ဇန်နဝါရီလကစလို့ အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး အိန္ဒိယ ဘက်ကလည်း Operation Sunrise လို့ခေါ်တဲ့ ၁၆၄၃ ကီလိုမီတာ ရှည်လျားတဲ့ ကုန်းတွင်း နယ်စပ်တလျှောက် ပင်မစစ်ဆင်ရေးလုပ်ငန်းတွေမှာ ဒရုန်းတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ပါဝင်အားဖြည့်ခဲ့ပါ တယ်လို့ အိန္ဒိယလုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်ကို ကိုးကားပြီး အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။ အေအေပြန်ကြားရေတာဝန်ခံ ခိုင်သုခကတော့ “အိန္ဒိယဘက်ကလည်းပဲ အဲဒီလို ပူးပေါင်းစစ်ဆင်ရေး လုပ်နေတာလို့ ကျနော်တို့က မယူဆပါဘူး။ သူတို့ကလည်းပဲ သူတို့ရဲ့န ယ်မြေလုံခြုံရေးပေါ့နော်။ ဟိုဖက်မှာတိုက်ပွဲတွေ ဖြစ်နေတဲ့အခါကျတော့ သူတို့ဘက်ကို ကျော်ဝင်ပြီးတော့ မလာအောင်လို့ လုံခြုံရေး တင်းကြပ်ပြီးတော့ တားဆီးတဲ့ သဘောလောက်ပဲလို့ ကျနော်တို့ သုံးသပ်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လက အိန္ဒိယနိုင်ငံ မဏိပူ ပြည်နယ် ချန်ဒဲလ် ခရိုင်မှာ ခြုံခို တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့လို့ အိန္ဒိယတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီး ရက်အနည်းငယ် အကြာမှာ အိန္ဒိယတပ်ဖွဲ့ဝင်တွေက မြန်မာနိုင်ငံအတွင်းရှိ သူပုန်စခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်နဲ့ ပတ်သက်လို့  နှစ်နိုင်ငံ မကျေလည်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024