မြောက်ဦးတွင် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တဦး ဒဏ်ရာရ
DVB
·
March 17, 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာမှာ မနေ့ နေ့လယ် ၂ နာရီဝန်းကျင်က တပ်မတော်စစ်ကြောင်းတခုကပစ်တဲ့ ကျည်ထိမှန်လို့ ဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တဦး ဒဏ်ရာရရှိသွားတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
အဲဒီရွာမှာ နေထိုင်တဲ့ အသက် ၂၂ အရွယ် ကိုယ်ဝန်ဆောင် ကရင်အမျိုးသမီး မမှုန်းတဘွယ်ရဲ့ ပေါင်ကို ကျည်ထိမှန်သွားတာလို့ ဆိုပါတယ်။
“တိုက်ပွဲမဖြစ်ပါဘူး။ တပ်မတော်စစ်ကြောင်းက ကျောက်တော်ဘက်ကနေ မြောက်ဦးဘက်ကို လာပါတယ်။ အဲဒီအချိန်မှာ တောင်ဦးရွာ ထိပ်နားမှာ ရောက်တာနဲ့ ရွာသားတွေက ကြောက်လို့ ထွက်ပြေးတဲ့အတွက် မိန်းကလေးငယ်တဦးပေါင်ကို ထိတယ်။ သူက ကိုယ်ဝန်သည်လည်း ဖြစ်တယ်။ ဒါကြောင့် ကျနော် မြောက်ဦးဆေးရုံကို လိုက်ပို့လို့ အဲဒီကို ရောက်နေတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီဒဏ်ရာရ အမျိုးသမီးငယ်ကို မြောက်ဦးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “တောင်ဦးနားမှာ ဖြစ်တာကိုတော့ ကျနော်တို့လည်း မကြားမိသေးဘူးချင်ဗျ။ ဖြစ်တယ်ဆိုတော့ ကျနော်တို့လည်း ကြားရမှာပဲ။ ပြည်သူတွေ အနေနဲ့ကတော့ မှန်မှန်ကန်ကန်သုံးသပ်စေချင်တယ်။ ဟိုလူပြောရင် ဟိုနိုးနိုး။ ဒီလူပြောရင် ဟိုနိုးနိုး မဟုတ်ပဲနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါလို့ ကျနော်ပြောချင်တယ်ခင်ဗျ” လို့ ပြောပါတယ်။
လက်ရှိမှာ ပစ်ခတ်မှုတွေ ငြိမ်သွားပြီဖြစ်ပေမယ့် ဒေသခံတွေ အနေနဲ့ကတော့ စိုးရိမ်ကြောက်လန့်မှုတွေရှိနေဆဲပဲလို့လည်း မြောက်ဦးလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
မတ် ၁၅ ရက်နေ့ည ၁၀ နာရီလောက်ကလည်း မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်ထဲကို ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးတဦး လက်နက်ကျည် ထိမှန်ခဲ့ပါတယ်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သုဿာန်ကုန်းဝန်းကျင်နားတဝိုက်ကနေ အေအေက စတင်ပစ်ခတ်တာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားတာလို့ ဒီဗွီဘီကို ပြောကြားထားပါတယ်။
ရက္ခိုင့်တပ်မတော် (အေအေ) ဘက်ကတော့ ဗိုလ်မှူးကြီး ၀င်းဇော်ဦးပြောကြားသလို ကျောက်ရစ်ကေရပ်ကွက် သုသာန်ကုန်းဝန်းကျင်အနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သတင်း- ဝဏ္ဏခွာညို