Home
မြန်မာသတင်း
သက်တမ်းကြာရှည် ဆည်တမံများ ပြုပြင်ထိန်းသိမ်းရေး ပိုမိုလုပ်ဆောင်ရန် ဒုသမ္မတ တိုက်တွန်း
DVB
·
March 16, 2019
ပြည်သူဘေးကင်းလုံခြုံရေးအတွက် နိုင်ငံအတွင်းရှိ သက်တမ်းကြာရှည်တဲ့ ဆည်တမံတွေ  ပြုပြင်ထိန်းသိမ်းရေး ပိုမိုလုပ်ဆောင်ကြဖို့နဲ့ ဆည်တမံ လုပ်ငန်းစဉ်အခြေအနေတွေကို ပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြဖို့ ဒုသမ္မတက တိုက်တွန်းလိုက်ပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ပဲခူးတိုင်းဒေသကြီးအတွင်းက တာတမံနိမ့်ကျပြီး  ပက်ကြားအက်တွေ ဖြစ်ပေါ်လာတဲ့ တောင်န၀င်း ရေလှောင်တမံ ကြံ့ခိုင်မှု၊ ဘေးကင်းလုံခြုံရေး ဆောင်ရွက်နေမှုနဲ့ မကွေးတိုင်း သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းတို့အား သွားရောက်ကြည့်ရှုပြီး အခုလို ပြောကြားခဲ့တာပါ။ ဒုသမ္မတက ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် လုပ်ငန်းစဉ် ဆောင်ရွက်နေမှုကို ဒေသခံပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖို့နဲ့ ပြည်သူတွေ အမှန်တကယ် ဘေးကင်းလုံခြုံမှုရရှိစေဖို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်ဖို့၊ နိုင်ငံအတွင်းရှိ သက်တမ်းကြာရှည်တဲ့ ဆည်တမံတွေ ရေရှည်တည်တံ့ဖို့ ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေကို ယခင်ကထက် ပိုမို အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးအတွက် တမံရဲ့ ထူးခြားပြောင်းလဲမှုတွေကို နည်းပညာနဲ့ ၀န်ထမ်းအင်အား အသုံးပြုပြီး အမြဲမပြတ် စောင့်ကြည့်ဖို့ လိုသလို ဌာနဆိုင်ရာနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒုတိယသမ္မတဟာ တောင်န၀င်းရေလှောင်တမံ ကြံ့ခိုင်မှုနဲ့ ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံက တမံဆိုင်ရာနဲ့ ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ့ဆုံခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024