Home
မြန်မာသတင်း
အင်းတော်ကြီးအိုင်သို့ လာရောက်သည့် ဆောင်းခိုငှက် အကောင်ရေ တိုးလာ
DVB
·
March 15, 2019
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်အတွင်း ဆောင်းခိုငှက်တွေ လာရောက်တာ အခုနှစ်မှာ အကောင်ရေ တိုးလာတယ်လို့ အင်းတော် သဘာဝဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ပြောပါတယ်။ “ယခင်နှစ်က ငှက်စာရင်းကောက်ယူရာမှာ ဆောင်းခိုငှက် နှစ်သောင်းကျော် စာရင်းကောက်ယူနိုင်ခဲ့ပြီး အခုနှစ်မှာတော့ ၃၁၅၀၀ ကျော် စာရင်းကောက်ယူနိုင်ခဲ့ပါတယ်” လို့ အင်းတော်ကြီး သဘာဝဝန်းကျင်နဲ့ သားငှက်ထိန်းသိမ်းရေးဌာနမှ ဦးစောထူးမင်း(တောခေါင်း) က ပြောပါတယ်။ အင်းတော်ကြီးအိုင်ကို ဆောင်းခိုလာကြတဲ့ ငှက်တွေဟာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား လွင်ပြင်ဒေသ၊ တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုရေခဲလွင်ပြင်ဒေသက ရောက်လာကြတာလို့ ဆိုပါတယ်။ ဒီငှက်တွေဟာ အလွန်အေးတဲ့ဒေသကလာပြီး အင်းတော်ကြီးအိုင်ကတော့ ငှက်တွေအတွက် အစာရေစာ ပေါပေါများများ ထောက်ပံ့ပေးနိုင်တာကြောင့် အကောင်ရေ တိုးလာတာလို့ ဦးစောထူးက ပြောပါတယ်။ အင်းတော်ကြီးအိုင်အတွင်းမှာ ရေဘဲ၊ ဇင်ယော်၊ တင်ကျီး(အကြီး)၊ ကြိုးကြာ (ခေါင်းမည်း) အများဆုံး နေထိုင်ကျက်စားရာနေရာဖြစ်ပြီး ငှက်အမျိုးအစား ၃၁၂ မျိုး ရှိတယ်လို့ သိရပါတယ်။ အင်းတော်ကြီးအိုင်ဟာ ၃၁၄ ဒသမ ၆၇ စတုရန်းမိုင်ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၅၀၀ ကျော်မှာ တည်ရှိကာ ကန်ပတ်လည်တွင်း အမြင့်ပေတထောင်မှ လေးထောင်ရှိတဲ့ တောင်တွေ ဝန်းရံထားပါတယ်။ အင်းတော်ကြီးကန်နဲ့ ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်းငါးခုကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024