တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲတချို့ ဖြေဆိုပြီးစီး
Aung Ko Latt
·
March 13, 2019
အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ မြန်မာနိုင်ငံအနှံ့ အခြေခံပညာ စာသင်ကျောင်းတွေမှာ ကျင်းပနေရာမှာ ဒီကနေ့ ဘာသာတွဲတချို့ ဖြေဆို ပြီးစီးသွားပြီးဖြစ်ပါတယ်။
အတွဲ (၁) ခေါ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဘောဂ တွဲနဲ့ အတွဲ (၇) ခေါ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ ဘာသာရပ်တွေကို ရယူထားတဲ့ ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုပြီးစီးသွားတာ ဖြစ်ပါတယ်။
စာမေးပွဲပြီးဆုံးသွားပြီဖြစ်တဲ့ ကျောင်းသားကျောင်းသူ အများစုကတော့ ဓာတုဗေဒဘာသာရပ်မှာ အားရမှုနည်းပြီး မြန်မာ၊ အင်္ဂလိပ်ဘာသာရပ်တွေမှာတော့ အခြား ဘာသာရပ်တွေထက် ပိုပြီး ဖြေဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။
အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲက မေးခွန်းပုံစံသစ်နဲ့ ပြောင်းလဲပြီး ပထမဆုံးအကြိမ် ကျင်းပတာလည်းဖြစ်ပါတယ်။ မေးခွန်းပုံစံသစ်ကြောင့် အခက်အခဲကြီးကြီးမားမားမရှိဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။
မုံရွာမြို့နယ်မှာတော့ စာစစ်ဌာန ၁၅ ခုရှိပြီး ဖြေဆိုဖို့ စာရင်းရှိ ၁၀၇၈၁ ဦးထဲက ၁၀၄၃၅ ဦးလာရောက်ဖြေဆိုခဲ့ကာ ၃၄၆ ဦး ပျက်ကွက်ခဲ့ပါတယ်။
ကျန်းမာရေးကြောင့် ဆေးရုံမှာ ဖြေဆိုသူ ၂ ဦး၊ မုံရွာ အကျဉ်းထောင်မှာ ဖြေဆိုသူ တဦးရှိပြီး မသန်စွမ်းဖြေဆိုသူတော့ မရှိဘူးလို့ မြို့နယ် ပညာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
စာမေးပွဲကာလ မတိုင်ခင်ကနေ ပြီးဆုံးချိန်ထိ စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေ အနှောင့်အယှက်မဖြစ်စေရေးအတွက် ရဲတပ်ဖွဲ့ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ကာ နေ့ည တာဝန်ယူဆောင်ရွက်နေတဲ့အတွက် အခုအချိန်ထိ ကြီးကြီးမားမား အရေးယူရတာ မရှိသေးဘူးလို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
စစ်ကိုင်းတိုင်းတခုလုံးမှာ စာစစ်ဌာန ၂၃၀၊ လျှောက်ထားသူ ၁၁၉၃၆၃ ဦးရှိပြီး ပျက်ကွက်စာရင်းတော့ မသိရသေးပါဘူး။ ဖြေဆိုသူတွေထဲမှာ အမြင်အာရုံမသန်စွမ်းသူ ၆ ဦးလည်း ဖြေဆိုမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအနေနဲ့ ၂၀၁၇-၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ၃၄.၈၇ ရာခိုင်နှုန်းရှိခဲ့ကာ ဒီနှစ်မှာတော့ ဒီထက်မက အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး ကြိုးစားလုပ်ဆောင်ထားတယ်လို့ တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။