Home
မြန်မာသတင်း
ကမ်းခြေစောင့်တပ်ဖွဲ့စည်းရန် တပ်မတော်စီစဉ်နေ
အောင်ဆန်းဦး
·
March 13, 2019
မြန်မာ့ပင်လယ်ပြင်ကိုကာကွယ်ထိန်းသိမ်းဖို့အတွက် တပ်မတော်အနေနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့စည်းနိုင်ဖို့ လွှတ်တော်ရဲ့ခွင့်ပြုချက်ရယူနိုင်အောင် ဆောင်ရွက်မယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။ မတ်လ ၁၃ ရက်ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျောက်တန်းမဲဆန္ဒနယ် ကိုယ်စားလှယ်မေးမြန်းတဲ့ မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ပတ်သက်တဲ့ ကြယ်ပွင့်ပြ မေးခွန်းအပေါ်လာရောက်ဖြေဆိုစဉ်မှာ ဒုဝန်ကြီးက ပြောသွားတာပါ။ ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆောင်ရွက်နိုင် စေဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတကာနည်းတူ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အတွက် အခုလိုစီစဉ်ရတာ ဖြစ်တယ်လို့လည်းဆိုပါတယ်။ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က “ကမ်းခြေစောင့်တပ်ဖွဲ့အား ဖွဲ့စည်းပြီးပါက တပ်မတော်(ရေ)ရဲ့ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်အခွန် ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန စတဲ့ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းတွေက ကျွမ်းကျင်သူ ကိုယ်စားလှယ်တွေပါဝင်တဲ့ အင်ဒီဂရိတ်တက် ကွန်မန်းစင်တာ (ICC) တခု ဖွဲ့စည်းတည်ထောင်ပြီး တပ်မတော်(ရေ)မှ ဦးဆောင်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား သတင်းအချက်အလက် ရယူဖလှယ်ကာ အချိန်နဲ့ တပြေးညီ ဆုံးဖြတ်၊ တုံ့ပြန် ဆောင်ရွက်သွားခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်ကို ပိုမိုလုံခြုံ၊ စိတ်ချစွာ ကာကွယ်၊ စောင့်ရှောက် သွားနိုင်မှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ ဒီဖွဲ့စည်းမှုကြောင့် မြန်မာ့ပင်လယ်ပြင်နဲ့ ကမ်းရိုးတမ်းဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓါးပြရန် ကာကွယ်ရေး၊ ကုန်သွယ်ရေကြောင်းလိုင်းရေယာဉ်တွေနဲ့ ဆိပ်ကမ်း တွေ ဘေးကင်းလုံခြုံရေး၊ ပင်လယ်ပြင်ရှိ ကမ်းခြေသယံဇာတနဲ့ ရေကြောင်းအကျိုးစီးပွားတွေ အပေါ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ ပိုမိုအားကောင်းလာမှာဖြစ်တယ်လို့ မေးခွန်းရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။ မြန်မာ့ပင်လယ်ပြင်နဲ့ ရေမိုင်အရှည် ၁၂၆၀ ကျော် ရှိတဲ့ ကမ်းရိုးတန်း ဒေသတွေကိုတော့ တပ်မတော်(ရေ)က စစ်ရေယာဉ်တွေနဲ့ ကြည့်ရှု၊ စောင့်ကြပ်နေပြီး အချက်အခြာေ နရာတွေမှာတော့ ကမ်းရိုးတမ်းစောင့်ကြည့် ရေဒါတွေတပ်ဆင်ကာ တပ်မတော်(လေ)က စောင့်ကြပ်၊ ကြည့်ရှု ထောက်လှမ်းနေတယ်လို့  ကာကွယ်ရေး ဒုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024