စားနပ်ရိက္ခာ ရှားပါးနေသည့် ဗင်နီဇွဲလားတွင် ကုန်တိုက်တခု လုယက်ခံရ

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ်စ် အရှေ့တောင်ပိုင်းက ကုန်တိုက်တခု မတ်လ ၁၀ ရက် ညနေက လုယက်ခံရပါတယ်။ ဗင်နီဇွဲလားမှာ စားနပ်ရိက္ခာ ရှားပါးနေလို့ အိမ်တွေ ဆိုင်တွေ လုယက်ခံနေရချိန်မှာ တနိုင်ငံလုံး မီးပျက်နေတာလည်း လေးရက်ရှိပါပြီ။ ကုန်တိုက်နားက ပလတ်စတစ်ထိုင်ခုံလို အိမ်သုံးပစ္စည်းတွေရောင်းတဲ့ ဆိုင်လည်း လုယက်ခံရပါတယ်။ ကုန်တိုက်ကို အမျိုးသားအစောင့်တပ်က ဝိုင်းခဲ့ပြီး သံသယရှိသူ အယောက် လေးဆယ်ကျော်ကို လက်နောက်ပြန်တုပ်ရင်း လမ်းပေါ်မှာ မှောက်ခိုင်းထားခဲ့တာပါ။ မတ်လ ၇ ရက်တည်းက မီးပျက်နေပြီး လျှပ်စစ်မီးက နေရာကွက်ကြားပဲ ပြန်ရအောင် အာဏာပိုင်တွေက စီမံနိုင်ပါသေးတယ်။ သမ္မတ နီကိုးလပ်စ် မာဒူရိုကလည်း အမေရိကန်က နောက်ကွယ်က ထောက်ပံ့နေတဲ့ အဖျက်အမှောင့် လုပ်ရပ်ကြောင့် မီးပျက်တာလို့ စွပ်စွဲပြောဆိုပါတယ်။ အကဲခတ်တွေကတော့ အဂတိလိုက်စားမှုနဲ့ ရင်းနှီးမြှုပ်နှံမှု မလုံလောက်တာကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးပြဿနာ တက်ခဲ့တာလို့ ပြောပါတယ်။ အစိုးရဟာ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တနင်္ဂနွေနေ့မှာ ဆက်ပြီး ဆိုင်းငံ့ထားပါတယ်။ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကတော့ နိုင်ငံလုံးဆိုင်ရာ တပ်လှန့်မှု အခြေအနေ ထုတ်ပြန်ကြေညာဖို့ အတိုက်အခံတွေ ကြီးစိုးတဲ့ အမျိုးသားညီလာခံကို တောင်းဆိုမယ်လို့ မတ်လ ၁၀ ရက်နေ့က ပြောပါတယ်။ နိုင်ငံတွင်းမှာ အလွန်အမင်း ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေး ပြိုလဲနေပြီး နိုင်ငံရေး အကျပ်ဆိုက်နေတာပါ။ ဟွမ်ဂွယ်ဒိုက သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့ပြီး နိုင်ငံ ၅၀ ကျော်က သူ့ကို ဗင်နီဇွဲလားရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပါတယ်။ မာဒူရိုကိုတော့ သူ့စစ်တပ်အပြင် ရုရှားနဲ့ တရုတ်က ကျောထောက်နောက်ခံ ပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up