မျက်နှာတွင် တက်တူးထိုးပြီး ရည်ရွယ်ချက် အကောင်အထည်ဖော်သည့် မိန်းကလေး

ဓာတ်ပုံ - BPM Media
တက်တူးပညာရှင်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တဲ့ မိန်းကလေးတဦးဟာ သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာ တက်တူးတခုထိုးပြီး စိတ်ကူးအိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်လိုက်ပါတယ်။ အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ နေထိုင်တဲ့ ကေလီပိစ်ဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းက တက်တူးပညာရှင်ဖြစ်ဖို့ ရည်ရွယ်ခဲ့တာပါ။ တက်တူးပညာရှင်ဖြစ်ချင်တဲ့ လူတယောက်အဖို့ သူ့မျက်နှာပေါ် တက်တူးထိုးတာ မဆန်းပေမယ့် ပိစ်မှာတော့ ကိုယ်တိုင်ခံယူချက် ရှိပါတယ်။ အဲဒါကတော့ သူမရဲ့မျက်နှာပေါ်မှာသာ တက်တူးထိုးလိုက်မယ်ဆိုရင် သူမအတွက် တခြားအလုပ်ရဖို့ ခက်ခဲသွားမှာဖြစ်ပြီး တခြားအလုပ်ရဖို့ မလွယ်လေ သူမဖြစ်ချင်တဲ့ တက်တူးပညာရှင်ဖြစ်ဖို့ ရာခိုင်နှုန်းများလေဆိုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ “ကျမက တက်တူးပညာရှင် ဖြစ်ချင်ပေမယ့် အရမ်းရှက်တတ်တယ်။ ကျမ တက်တူးထိုးတဲ့ စတူဒီယိုတွေကို သွားတယ်။ ဒါပေမယ့် ကျမက စကားနည်းတော့ အဆင်မပြေခဲ့ဘူး” လို့ ပိစ်က ပြောပါတယ်။ ဒီလိုခံယူချက်နဲ့အတူ သူမရဲ့ ဘယ်ဘက်မျက်ခုံးပေါ်မှာ “cursed” (မနှစ်မြို့စရာ) ဆိုတဲ့ စာလုံးကို ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုစကားလုံးမျိုးကိုမှ ရွေးထိုးရတာလည်း သူမဘဝနဲ့ ပတ်သက်နေပါတယ်။ သူမရဲ့ဘဝဟာ ဆိုးရွားမှုတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဒီစကားလုံးက သူမရဲ့ဘဝ တစိတ်တပိုင်းကိုလည်း ကိုယ်စားပြုပါတယ်။ ကေလီပိစ်ဟာ သူမရဲ့ အချစ်ရေးမှာလည်း ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပြဿနာတွေ ပြီးဆုံးသွားချိန်မှာတော့ တက်တူးထိုးတဲ့ လုပ်ငန်းကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမဟာ အသက် ၁၈ နှစ်အရွယ်ကစပြီး ခြေထောက်မှာ တက်တူးအသေးလေး စထိုးခဲ့ကာ နောက်ပိုင်းမှာတော့ ရင်ဘတ်တခုလုံးအပြည့် တက်တူးထိုးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ တက်တူးတွေကြောင့်ပဲ သူမမိသားစုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ တခြားအလုပ်တွေ လုပ်မိမှာ စိုးရိမ်တာရယ်၊ ငယ်ငယ်ကတည်းက ဖြစ်ချင်နေတဲ့ တက်တူးပညာရှင် မဖြစ်မှာ စိုးရိမ်တာရယ်ကြောင့် အသက် ၂၄ နှစ်အရွယ်မှာ မျက်နှာပေါ်ကို တက်တူးထိုးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တက်တူးထိုးတဲ့ ပညာရှင်အဖြစ် အသက်မွေးခဲ့ပါတယ်။ အဲဒီကစလို့ သူမဘဝဟာ အဆင်ပြေလာတယ်လို့ ခံစားခဲ့ရပြီး အရင်က တက်တူးထိုးတာကို မကြိုက်တဲ့ သူမရဲ့ဖခင်ကလည်း အခုဆို သူမကို လက်ခံလာပြီလို့ ကေလီပိစ်က ပြောပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ကေလီပိစ်ဟာ သူ့ရဲ့ စိတ်ကူးအိပ်မက်ထဲကအတိုင်း တက်တူးပညာရှင်အဖြစ် အသက်မွေးနေပြီဖြစ်ပြီး သူမရဲ့ နောက်ထပ်စိတ်ကူးက မျက်နှာကိုချန်ကာ တကိုယ်လုံးကို တက်တူးနဲ့ဖုံးအုပ်ဖို့ ဖြစ်တယ်လို့လည်း မေရာသတင်းကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up