DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော် စွပ်စွဲပြစ်တင်မည့်ကိစ္စ မပြောသေး
DVB
·
October 8, 2012
ဧရာဝတီတိုင်းလွှတ်တော် စွပ်စွဲပြစ်တင်မည့်ကိစ္စ မပြောသေး
Donate to DVB

ဧရာဝတီတိုင်းလွှတ်တော် အစည်းအဝေးမှာ တိုင်းလွှတ်တော်က တိုင်းအစိုးရအဖွဲ့ကို စွပ်စွဲပြစ်တင်မယ် ဆိုတဲ့ ကိစ္စရပ်ကို ဘယ်သူတဦးတယောက်ကမှ ဖွင့်ဟပြောကြား ဆွေးနွေးတာမျိုး မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်တို့ နှစ်ဦးစလုံး တက်ရောက်ပြီး အမှာစကား အသီးသီး ပြောကြားခဲ့ကြပါတယ်။

သူတို့ ၂ ဦးလုံး ပြောသွားတဲ့ထဲမှာ စွပ်စွဲပြစ်တင်မယ့်ကိစ္စ ထည့်သွင်း ပြောကြားသွားခြင်း မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရေကြည်မြို့နယ်၊ အမှတ် ၂ ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

“မီဒီယာတွေမှာ ဖော်ပြထားတဲ့အချက်တွေကို ပြန်ပြီးရှင်းလင်းသွားပါတယ်။ ဒုတိယအနေနဲ့ ကျမသတိထားမိတဲ့အချက်တခုကတော့ လွှတ်တော်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ပါတီကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ကပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဆောင်ရွက်တဲ့ ကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်တာတွေ မလုပ်စေချင်ဘူးလို့တော့ တိတိကျကျ ပြောသွားပါတယ်။ လွတ်လွတ်လပ်လပ်ပဲပေါ့။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက မှားယွင်းတယ်ဆို ထောက်ပြ၊ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်တာမှန်ကန်နေတယ်ဆိုရင်တော့ ၀င်ရောက်ပြီး ဟိုကိစ္စမလုပ်နဲ့၊ ဒီကိစ္စမလုပ်နဲ့ဆိုပြီး အုပ်စုခွဲပြီး ဟိုလို ဒီလိုလုပ်ပါဆိုတာမျိုးတွေ။ လွှတ်တော်ကိုယ်စားလှယ်တွေ တင်တဲ့ အဆိုတွေ၊ မူကြမ်းတွေကို ပါတီတွေက ယူသွားတာတွေ ရှိတယ် ဆိုတာမျိုးလည်း ကြားရပါတယ်။ နောက် ဗဟိုကနေ အဆိုတွေ၊ မူကြမ်းတွေ၊ လက်မှတ်ထိုးပြီးတင်ထားတဲ့ကိစ္စတွေကို ဗဟိုကနေတောင် ပြန်ယူရတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ အဖွင့်မိန့်ခွန်းမှာပါတာကို ကျမကြားရပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်လုပ်လို့ မရအောင် တိုင်းအစိုးရအဖွဲ့နဲ့ အာဏာရပြည်ခိုင်ဖြိုးပါတီက လုပ်ဆောင်နေတာကြောင့်  ဧရာဝတီတိုင်း လွှတ်တော်အနေနဲ့  တိုင်းအစိုးရကို စွပ်စွဲပြစ်တင်မယ်လို့ ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြီးခဲ့တဲ့လထဲ မီဒီယာတွေကတဆင့် တရားဝင် ထုတ်ဖော်ပြောကြားထားတာပါ။

ဒါပေမယ့် တိုင်းလွှတ်တော် လာတက်ကြတဲ့ ကိုယ်စားလှယ်တွေလည်း စွပ်စွဲပြစ်တင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာရော၊ အလွတ်သဘောပါ ဆွေးနွေးကြတာမျိုး မတွေ့ရကြောင်း၊ ဒီလိုမတွေ့ရလို့ စွပ်စွဲပြစ်တင်မယ့်ကိစ္စဟာ ဒီအတိုင်းပြီးသွားလိမ့်မယ်လို့ မထင်ကြောင်း ဒေါက်တာလှမြတ်သွေးက ပြောပါ တယ်။

လွှတ်တော်ကို အောက်တိုဘာ ၈-၉-၁၀ ၃ ရက်ကျင်းပဖို့ရှိပြီး  မနက်ဖြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေး အစီအစဉ်ထိ စွပ်စွဲပြစ်တင့်မယ့်ကိစ္စ ဆွေးနွေးဆုံးဖြတ်ဖို့ မပါရှိသေးပါဘူး။ ဒီနေ့ ဧရာဝတီတိုင်း လွှတ်တော်ကို ကိုယ်စားလှယ် ၇၂ ဦး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013