DVB Logo
Home
မြန်မာသတင်း
အသိမ်းခံရသောမြေတွင် နေအိမ်ပြန်ဆောက်သဖြင့် ထောင်ချခံရ
DVB
·
October 8, 2012
Donate to DVB

ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေဒေသမှာ  အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းအတွက်  အားကစားဝန်ကြီးဌာနက  သိမ်းယူထားတဲ့ မြေကွက် အတွက်  လျော်ကြေးငွေပြန် ရဖို့ တောင်းဆိုတဲ့ ဒေသခံ ၃ ဦး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ငွေဆောင်မြို့နယ်ခွဲ ဘူးကွဲကြီးရွာက အသိမ်းခံထားရတဲ့ ဥယျာဉ်ခြံမြေတွေ ပေါ်မှာ အခုချိန်ထိ ဘာမှလုပ်မထားတဲ့အတွက်  ရွာသား ၃ ဦးဟာ ပြီးခဲ့တဲ့   မေလ က  အဲဒီမြေပေါ်မှာ နေအိမ် ၃ လုံး ၀င်ဆောက်ခဲ့ပါတယ်။

ဒါကို အားကစားနဲ့ ကာယပညာဦးစီးဌာနက နယ်မြေကျူးကျော်မှုနဲ့ ပြန်တရားစွဲပြီးနောက်  ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်တာလို့ မြေသိမ်းခံရသူ မိသားစုဝင် တဦးက ပြောပါတယ်။

“၂၀၁၂ ခုနှစ် ၁၀ လပိုင်း၊ ၅ ရက်နေ့မှာ အိမ်သုံးလုံးပိုင်ရှင် ၃ ဦးကို တရားသူကြီးက အမိန့်ချတယ်။ အားကစားပိုင်နယ်မြေမှာ ကျူးကျော်ဆိုတဲ့ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချတာပါ။”

အသိမ်းခံရတယ်ဆိုတဲ့ အဲဒီမြေတွေဟာ ပင်လယ်ကမ်းခြေဒေသမှာရှိပြီး အကျယ်  ၉ ဧကကျော် ရှိပါတယ်။

လာမယ့် ၂၀၁၃ အရှေ့တောင် အာရှ အားကစားပွဲမှာ လှေပြိုင်ပွဲလုပ်ဖို့ လျာထားပြီး ရွာသားတွေ မနစ်နာရအောင် အစိုးရက သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုပေးမယ်လို့ အားကစားဝန်ကြီးဌာန ဒု-၀န်ကြီးက မနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း လျော်ကြေးမရသေးကြောင်း၊ မြေယာအသိမ်းခံရစဉ် ၁၉၉၇ ခုနှစ်တုန်းက  ဆုံးရှုံးသွားတဲ့ သီးပင်စားပင်တွေအတွက်လည်း အပင်ကြီး တပင် ကျပ် ၁၂၀၀၊ အပင်လတ် ကျပ် ၁၀၀၀၊ အပင်ငယ် ကျပ် ၅၀၀ သာရရှိကြောင်း၊  မြေယာအတွက် လုံးဝလျော်ကြေးမရကြောင်း၊ မြေခွန်တွေတော့ အခုထိကျခံနေရကြောင်း ရွာသားတွေက ပြောပါတယ်။
ရွာသားတွေအနေနဲ့ မိမိဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်တာကို ကြိုဆိုပေမယ့်လည်း   မြေယာ တန်ရာတန်ကြေး ရလိုတဲ့အတွက် သမ္မတနဲ့တကွ အားကစားဝန်ကြီးဌာန၊ ပုသိမ်တိုင်း ၀န်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ပြီးခဲ့တဲ့နှစ် မေလက   စာရေး အသနားခံခဲ့ပေမယ့်  အရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ လျော်ကြေးမရတဲ့အပြင် ရွာသားတွေ  ထောင်ပါချခံခဲ့ရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013