လမ်းတံတားအသုံးပြုခ ၅ ကျပ်တန်ပေးတာ လက်မခံသည့် တိုးလ်ဂိတ်ဝန်ထမ်းကို ထုတ်ပယ်

လမ်းနဲ့တံတား အသုံးပြုခအဖြစ် ၅ ကျပ်တန်ပေးတာ လက်မခံခဲ့တဲ့ တိုးလ်ဂိတ် ဝန်ထမ်းကို ကုမ္ပဏီအလုပ်က ထုတ်ပယ်လိုက်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရန်ကုန် - မန္တလေးလမ်း (မိတ္ထီလာ - မန္တလေး အပိုင်း) သပြေဝ တိုးလ်ဂိတ်မှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က လမ်းနဲ့ တံတားအသုံးပြုခအဖြစ် ငွေ ၄၀၀ ပေးတဲ့အခါ ၅ ကျပ်တန် ၁၀ ရွက်ထည့်ပေးတာကို ဝန်ထမ်းအမျိုးသမီးက လက်မခံခဲ့လို့ အခြေအတင် ဖြစ်ခဲ့ပါတယ်။ ဒီလမ်းပိုင်းကို သော်တာဝင်းကုမ္ပဏီက B.O.T စနစ်နဲ့ တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး ပေးဆောင်တဲ့သူက ၂၀၀ ကျပ်တန် ၁ ရွက်၊ ၁၀၀ ကျပ်တန် ၁ ရွက်၊ ၅၀ ကျပ်တန် ၁ ရွက်နဲ့ ၅ ကျပ်တန် ၁၀ ရွက်တို့ကို ပေးခဲ့တာပါ။ တိုးလ်ဂိတ်ဝန်ထမ်းဖြစ်တဲ့ ငွေကောက်တာဝန်ကျ မခင်သန့်ဇင်က ၅ ကျပ်တန်တွေကို မယူနိုင်ကြောင်း၊ တခြားနေရာမှာ သွားသုံးပါလို့ ပြောခဲ့ပြီး အချိန်အတော်ကြာကြာ အခြေအတင်ဖြစ်နေတာကို ကားပေါ်က အမျိးသမီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက် ဗွီဒီယို လွှင့်တင်ခဲ့ပါတယ်။ အခြေအတင် ဖြစ်ပြီးနောက်မှာတော့ တိုးလ်ဂိတ် တာဝန်ခံတွေက လမ်း/တံတား အသုံးပြုသူကပေးတဲ့ ငွေအကြွေတွေကိုလက်ခံပြီး ကားကို ဖြတ်ခွင့်ပေးလိုက်တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်ကို စိစစ်ရာမှာ ငွေကောက်တာဝန်ကျ ဝန်ထမ်းရဲ့ အမြင်မကျယ်တာ၊ ဖြေရှင်းပုံနည်းလမ်း မှားယွင်းတာတို့ကြောင့် ကုမ္ပဏီအနေနဲ့ ဝန်ထမ်းစည်းကမ်းနဲ့အညီ အဲဒီဝန်ထမ်းကို အလုပ်က ထုတ်ပယ် အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နောင်မှာလည်း အဲဒီလို မဖြစ်အောင် တိုးလ်ဂိတ်တွေမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကို မွမ်းမံသင်တန်းတွေ ဖွင့်လှစ်သင်ကြားစေတာ၊ ခရီးသွားပြည်သူတွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up