DVB Logo
Home
မြန်မာသတင်း
ပြည်သူကဆန္ဒရှိရင် သမ္မတလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
October 8, 2012
ပြည်သူကဆန္ဒရှိရင် သမ္မတလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Donate to DVB

ပြည်သူလူထုကလိုလားရင် သမ္မတလုပ်လိုတဲ့အကြောင်းနဲ့ သမ္မလုပ်ရဲတဲ့ သတ္တိရှိတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ၁၇ ရက်ကြာသွားရောက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ပြီး ပြောဆို လိုက်တာပါ။

“ကျမက နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်ဆိုတာ သမ္မတလည်း လုပ်ရဲတဲ့ သတ္တိရှိရမယ်၊ ပြည်သူလူထုလိုလားရင် လုပ်မှာ။ ဒါနဲ့ ဆက်သွယ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုတာ ဒါက လွှတ်တော်ကနေ ပြင်ရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကျမတို့ လုပ်သွားမယ်ဆိုတာဟာ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ကတည်းက မူတခုအနေနဲ့ ကျမတို့ ချထားပြီးသားပါ။ ပြင်ဆင်ရေးကိုတော့ ကျမတို့ တစိုက်မတ်မတ် ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျမသမ္မတဖြစ်ရုံ ကိစ္စတင် မဟုတ်ပါဘူး၊ တခြားဟာတွေလည်း ပြင်စရာတွေ လိုပါတယ်။”

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း ပြည်သူတွေက မဲထည့်လို့ လက်ခံတယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် သူ့အနေနဲ့ လက်ခံသွားမယ့်အကြောင်း မကြာခင်ကပြုလုပ်ခဲ့တဲ ဘီဘီစီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဖြေကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့၊ အထူးသဖြင့် ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ့အဆင့်မီဖြစ်အောင် လုပ်သွားဖို့ လိုတယ်လို့လည်း   သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အခြေခံပညာရေးကိုလည်း လုပ်ရမယ်။ အဆင့်မြင့်ပညာရေးကိုလည်း လုပ်ရမယ်။ ဘွဲ့ရပြီးတော့ ပညာမပြည့်စုံတဲ့ ဘွဲ့မရရင်တောင် ကျောင်းပြီးပြီး ပညာမပြည့်စုံတဲ့၊ ကျောင်းတောင်မှပြီးအောင် မသင်နိုင်ခဲ့တဲ့ လူငယ်လူရွယ်တွေအတွက် မလုပ်ပေးလို့မဖြစ်ပါဘူး။ မလုပ်ပေးရင် ကျမတို့မှာ ဒဏ်ရာရသွားတဲ့ မျိုးဆက်တွေ ကျန်ခဲ့ပါလိမ့်မယ်။ အဲမျိုးဆက်တွေအတွက် ကျမတို့ဟာ အခြေခံပညာရေးပြန်လုပ်လို့လည်း မရတော့ဘူး၊ ကျောင်းပြန်တက်လို့လည်း မရတော့တဲ့သူတွေအတွက် အသက်မွေးဝမ်းကျောင်းပညာနဲ့ ကျောင်းပြင်ပ ပညာရေးစနစ် ထူထောင်ဖို့ကို အထူးအားပေးပြီး ဖိပြီးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။”

ခေတ်မီနည်းပညာတွေ တိုးတက်ပြောင်းလဲမှုရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို လည်း ထောက်ပြပြောဆိုသွားပါတယ်။

“နည်းပညာတိုးတက်မှုဟာ အကောင်းရော၊ အဆိုးရောရှိတယ်။ ဘာမဆို ဒီလိုပဲ အကောင်းရော၊ အဆိုးရော ရှိတယ်။ အားလုံး ၁၀၀ ရာခိုင်နှုန်း ကောင်းတယ်ဆိုတာ ဘာမှမရှိပါဘူး။ အခု ဒီအင်တာနက်ကိစ္စဟာလည်း အင်တာနက်ရှိလို့၊ တယောက်နဲ့တယောက် ဆက်သွယ်မှုတွေရှိလို့ ပြည်သူတွေအတွက် အကျိုးရှိသလို ပြဿနာတွေလည်း တက်တာပဲ။ ဒါဟာ အခုချိန်မှာ အန်တီတို့နိုင်ငံ ကိစ္စတင် မဟုတ်ဘူး။ ဖေ့ဘွတ်တွေမှာ ဘာပါလဲဆိုတာ အမှန်အတိုင်းပြောရရင် ကြည့်ဖို့အချိန်မရှိဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်သွားရတာပဲ။ ရေးချင်တဲ့လူက သူရေးချင်တာ ရေးမှာပဲ။ အန်တီခရီးသွားတုန်းက သတိထားမိတာ တခုရှိတယ်။ လေယာဉ်ပျံကွင်းတို့၊ မီးရထားဘူတာတို့မှာ လူတွေက သူတို့ဘေးက ထိုင်နေတဲ့သူတွေနဲ့ သိပ်စကားမပြောတော့ဘူး၊ သူတို့ တယ်လီဖုန်းလေးတွေနဲ့ ကွိကွိ ကွိကွိနဲ့ ကွန်ပျူတာလေးတွေနဲ့ တောက်တောက် တောက်တောက်နဲ့ အန်တီတို့စိတ်ထဲမှာ ဒါ...တခုတော့ ရှိတာပေါ့လေ၊ သူအလုပ်လုပ်နေရင်တော့ ကောင်းတာပေါ့။ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်း ဆက်ဆံရေးဘက်မှာတော့ ထိခိုက်စေတယ်လို့ မြင်တယ်။”

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013