ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေး

ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာနဲ့ အာကာတောင် ကျေးရွာကြားမှာ မတ်လ ၈ ရက်နေ့ ည ၁၀ နာရီကျော်လောက်က အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။ အုန်းချောင်းကျေးရွာနဲ့ အာကာတောင် ကျေးရွာကြားမှာ လက်နက်ကြီးတွေနဲ့ တညလုံးနီးပါး ပစ်ခတ်နေတာကြောင့် အုန်းချောင်းကျေးရွာ ကျေးရွာသူ/သားများ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေကို ဒီနေ့မနက် ၇ နာရီလောက်က ထွက်ပြေးခဲ့ကြတယ်လို့ အုန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “မနေ့ည တညလုံးနီးပါး လက်နက်ကြီးတွေ ပစ်နေကြတယ်။ ဘယ်ဘက်နဲ့ ဘယ်ဘက် ပစ်နေကြတာတော့ မသိဘူး တညလုံး တိုက်ပွဲသံတွေကြားနေရတော့ ကျေးရွာသူ/သားတွေက စိုးရိမ်မူမြင့်တက်ပြီ။ ဒီနေ့ မနက်ကတည်းက နီးရာကျေးရွာတွေဆီကို ထွက်ပြေးသွားကြပါတယ်” လို့ ပြောပါတယ်။ ဈေးခေါင်း၊ ရမျက်တောင်နဲ့ ရစိုးချောင်း စတဲ့ကျေးရွာတွေဆီကို ထွက်ပြေးသွားကြကြောင်း သိရပြီး အုန်းချောင်းကျေးရွာမှာ အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

More News
Up