ရုရှားမှ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်မည့်ကိစ္စ နောက်မဆုတ်ဟု တူရကီသမ္မတ ပြော

တူရကီအစိုးရဟာ ရုရှားကနေ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်မယ့် သဘောတူညီချက်ကို နောက်ဆုတ်မှာ မဟုတ်ဘူးလို့ တူရကီသမ္မတ တေယစ် အာဒိုဂန်က ပြောလိုက်ပါတယ်။ တူရကီဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ ရုရှားဆီကနေ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူတာကို နေတိုးမဟာမိတ်တွေက ဟန့်တားနေကြပါတယ်။ နေတိုးလေကြောင်းကာကွယ်ရေး စနစ်ထဲကို ရုရှားရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ဝင်လာမှာကို လက်မခံနိုင်ဘူးလို့ အမေရိကန်ဘက်ကလည်း သတိပေးထားပါတယ်။ “ကျနော်တို့ ရုရှားနဲ့ သဘောတူလက်မှတ်ထိုးပြီးပါပြီ။ ဒီကိစ္စက ပြီးသွားပြီ။ နောက်ကြောင်းပြန်လှည့်လို့ မရဘူး။ စည်းကျော်လာတဲ့ အပြုအမူတွေက ကျနော်တို့နဲ့ မဆင်ပြေမှာ မဟုတ်ဘူး။ ဒါက ကျင့်ဝတ်နဲ့လည်း မညီပါဘူး။ ကျနော်တို့ သဘောတူချက်တခုလုပ်ရင် အဲဒီအတိုင်း ရပ်တည်သွားမယ်။ ကျနော်တို့လုပ်တာကို ဘယ်သူကမှ လာပြီး ဝင်မစွက်ဖက်သင့်ပါဘူး။ ကျနော်ကလည်း သာမန်ခေါင်းဆောင်တယောက် မဟုတ်ဘူး” လို့ တူရကီသမ္မတ တေယစ် အာဒိုဂန်က ပြောပါတယ်။ တကယ်လို့ တူရကီဟာ ရုရှားဆီက ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူမယ်ဆိုရင် Lockheed Martin F-35 တိုက်လေယာဉ် အစီအစဉ်မှာ တူရကီ ပူးပေါင်းပါဝင်တာကို ပြန်သုံးသပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အဲဒီပရိုဂရမ်အရ တူရကီဟာ အမေရိကန်နိုင်ငံဆီကို လေယာဉ်စက်ပစ္စည်းတွေ အခွန်လွတ် တင်ပို့ခွင့် ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up