မြောင်းနှင့်ပလက်ဖောင်းပေါ် ပန်းပင်၊ ပန်းအိုး ချထားသူများကို အရေးယူမည်
DVB
·
March 8, 2019
မန္တလေးမြို့အတွင်း မြောင်းနဲ့ ပက်လက်ဖောင်းတွေပေါ်မှာ ကျူးကျော်ချထားတဲ့ ပန်းပင် ပန်းအိုးတွေ၊ မီးစက်တွေနဲ့ အဖီဆွဲထားတဲ့ အိမ်တွေကို အရေးယူသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
မြောင်း နဲ့ ပလက်ဖောင်းပေါ်မှာ ကျူးကျော်တဲ့အတွက် ကားပါကင်နေရာနဲ့ လမ်းလျှောက်သူတွေ အခက်အခဲတွေ ရှိတဲ့အတွက် စီမံချက်ချရှင်းလင်းတာဖြစ်ပြီး ကနဦးအနေနဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ စတဲ့မြို့နယ်တွေမှာ စတင်လုပ်ဆောင်မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။
လမ်းဘေးမှာ ရှင်းလင်းတာတွေကို စည်ပင်ပန်းဥယျာဉ်ဌာန၊ အခွန်ဌာန၊ လမ်းတံတားဌာန၊ အဆောက်အအုံဌာန၊ စည်ပင်ရဲ နဲ့ စီမံဌာနတို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
ဒါ့အပြင် တချို့က ပန်းပင်၊ ပန်းအိုးတွေ စတင်ကျူးပြီး နောင်မှာ အဆောက်အဦတွေပါ တိုးပြီး ကျူးကျော်ဆောက်လာတာတွေ ရှိတယ်လို့ ဆိုပါတယ်။