DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး စဉ်းစားဆင်ခြင်စရာများ (၁)
DVB
·
October 8, 2012
Donate to DVB

မြန်မာ့အစိုးရက စီးပွားရေးကို ဖွင့်လိုက်ပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း စောင့်ရတာကို စိတ်မရှည်နိုင်အောင် ဖြစ်နေကြပါတယ်။ အရင်ဆုံး မြန်မာ့စီးပွားရေးအခြေအနေကို ဓမ္မဓိဌာန် ကျကျကြည့်ဖို့ လိုလာပါတယ်။

(၁) မြန်မာပြည် အာရှကျားဖြစ်မယ်ဆိုတာ တကယ်လား။

ဇွတ် မယုံလိုက်ပါနဲ့။ အာရှကျားဖြစ်သွားတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကို ကြည့်လိုက်ရင် မြန်မာပြည်လိုမျိုး  ဓာတ်ငွေ့ရောင်း၊ စိုက်ပျိုးရေးထုတ်ကုန်တွေရောင်း၊ ကျွန်းသစ်၊ ကျောက်စိမ်းနဲ့ တွင်းထွက်တွေ ရောင်းတဲ့ နိုင်ငံတွေ မဟုတ်ကြပါဘူး။

မနှစ်တုန်းက မြန်မာပြည်ရဲ့ နိုင်ငံခြားပို့ကုန်တွေကို ကြည့်လိုက်ရင် ဆိုခဲ့တဲ့ကဏ္ဍတွေက ရတဲ့ ၀င်ငွေက ၈၀ ရာခိုင်နှုန်းရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်လိုက်ရင်လည်း ရေနံ၊ ဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုကပဲ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်နေပါတယ်။ အခုတခါ မြန်မာနဲ့ အနောက်နိုင်ငံတွေကြားမှာ ပြန်လည် သင့်မြတ်သွားကြပြန်တော့ စောစောက ကဏ္ဍတွေက အရင်ထက်တောင် စန်းပွင့်လာဖို့ ရှိပါတယ်။

ဒီနှစ်အစောပိုင်းမှာပဲ အစိုးရသစ်က ရေနံနဲ့ ဓာတ်ငွေ့ လုပ်ကွက် ၁၀ ခုကို လုပ်ကိုင်ခွင့်တွေ ချပေးခဲ့သလို နောက်ထပ် ၂၃ ကွက်မှာ လုပ်ကိုင်မယ့် သူတွေကို ဖိတ်ခေါ်နေပါတယ်။ သတ္တုတူးဖော်ခြင်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လုပ်ပိုင်ခွင့်တွေ ချပေးနေတာ ရှိပါတယ်။ တယ်လီကွန်မြူနကေးရှင်းနဲ့ ဘဏ်လုပ်ငန်းတွေမှာ စိတ်ဝင်စားမှု တချို့ရှိနိုင်ပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အဓိက မျက်စိကျမယ့် ကဏ္ဍက သဘာဝသယံဇာတတွေကို ထုတ်ယူတဲ့ကဏ္ဍ (extractive industries) တွေပဲ ဖြစ်နေပါတယ်။

အဲဒီတော့ စောစောက အာရှကျားကိစ္စကို ပြန်ကောက်ရရင် မြန်မာပြည်နဲ့ ပြောင်းပြန်ပါ။ အာရှကျားနိုင်ငံတွေဟာ သဘာဝသယံဇာတွေ ဆင်းရဲကြပါတယ်၊ ဖွံ့ဖြိုးရေးအတွက် ပို့ကုန်ဦးစားပေးထုတ်လုပ်မှု လုပ်ငန်းတွေအပေါ်မှာပဲ မှီခိုကြပါတယ်။ အဲဒီတုန်းက အာရှကျားတွေ စီးပွားရေးကောင်းလဲာ့ အခင်းအကျင်းကလည်း အခုနဲ့ မတူပါဘူး။ ပို့ကုန်လောကမှာ အခုလောက် အပြိုင်အဆိုင်မဖြစ်သေးပါဘူး၊ ကုန်ပစ္စည်းတွေကို စားသုံးမှုနှုန်းမြင့်တဲ့ အနောက်နိုင်ငံတွေကို တင်ပို့ကြပါတယ်။ အခုတော့ အာရှကျားတွေ ပို့ကုန်တင်ပို့ခဲ့တဲ့ အဲဒီအနောက်နိုင်ငံတွေ ကိုယ်တိုင်မှာလည်း ကမ္ဘာစီးပွားရေးပျက်ကပ်ရဲ့ ဂယက်ထဲမှာ အသဲအသန် ရုန်းကန်နေရပါတယ်။

ပိုဆိုးတာက မြန်မာပြည်လိုမျိုး သဘာဝသယံဇာတတွေ အဓိက တင်ပိုတဲ့ နိုင်ငံတွေမျိုးမှာ အာရှကျားတွေလိုမျိုး စီးပွားရေး မြန်မြန် တိုးတက်သွားဖို့ လမ်းမရှိပါဘူး၊ အဓိက ပြဿနာကတော့ စီးပွားရေးလောကမှာ ဒတ်ခ်ျရောဂါ ( Dutch Disease)  လို့ ခေါ်ကြတဲ့ သဘာဝသယံဇာတ ထုတ်ယူတဲ့ အပိုင်းကို တဖက်သတ်ဇောင်းပေးလွန်းပြီး တခြားထုတ်လုပ်မှုကဏ္ဍတွေမှာ အညီအမျှ ရင်းနှီးမြှုပ်နှံတာ မလုပ်တဲ့ ပြဿနာကြောင့်ပါ။ ပြောရရင် အခုတောင်မှပဲ မြန်မာပြည်မှာ ဒတ်ခ်ျရောဂါ ခံစားနေရပါပြီ။ ရှေ့လာမယ့် နှစ်တွေမှာလည်း တိုင်းပြည်စီးပွားရေးမှာ မအီမသာဖြစ်အောင် အဲဒီရောဂါက တဆစ်ဆစ်ကိုက်ခဲဖို့လည်း ရှိပါတယ်။

သဘာဝသယံဇာတတွေကို တင်ပို့တဲ့အတွက် နိုင်ငံခြားငွေနဲ့ လဲတဲ့နေရာမှာ မြန်မာကျပ်ငွေ တန်ဖိုးတွေ မြင့်တက်ဖို့ (ငွေမာဖို့) အကြောင်းဖြစ်ခဲ့ပါတယ်။ ပြန်ကြည့်ရင် ၂၀၀၇ ခုနှစ်တုန်းက အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၀၀ ရှိခဲ့ရာကနေ ၂၀၁၁ ခုနှစ်ကျတော့ တဒေါ်လာကို ၇၀၀ ကျပ် ဖြစ်သွားပါတယ်။  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ အခက်အခဲကို ပြပါဆိုရင် မြန်မာကျပ်ငွေမာနေတဲ့ ကိစ္စကို ပြရမှာပါပဲ။

မြန်မာကျပ်ငွေက မာသလောက်၊ ကုန်စည်နဲ့ ၀န်ဆောင်မှုမှာ အထွေထွေစရိတ်တွေ (transaction costs) တွေက မြင့်မား၊ အခြေခံအဆောက်အဦပိုင်းကလည်း ဆိုးရွားတဲ့ မြန်မာပြည်လို နိုင်ငံမျိုးအတွက် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရတဲ့ အခါမှာ အာရှကျားတွေရဲ့ ခြေရာကို နင်းနိုင်ဖို့ အခက်အခဲတွေ အများကြီးရှိနေပါဦးမယ်၊၊

(၂) မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလိုအပ်နေတယ်၊ အခုချက်ချင်းလိုအပ်နေတယ် တကယ်လား။

ဒီကိစ္စက ရှုပ်ထွေးပါတယ်။ မြန်မာပြည်ထဲကို ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တကယ်လိုအပ်နေတဲ့ နေရာကို မ၀င်ဘဲ၊ သဘာဝသယံဇာတ ကဏ္ဍဆီကိုပဲ တန်းသွားကြဖို့က များပါတယ်။ ဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တော့ မှာမဟုတ်ပါဘူး၊ ဒီိလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးဝင်လာရင် အဓိက အကျိုးဖြစ်မှာက အစိုးရဖြစ်ပါတယ်။ အဓိက ပြဿနာက မြန်မာအစိုးရဆိုတာကလည်း တချို့နိုင်ငံတွေမှာလိုပဲ သဘာဝသယံဇာက ရတဲ့ ငွေကို အကျိုးဖြစ်ထွန်းတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ မစွံတာပါ။

ဒီလို အခြေအနေတွေ ရှိနေပေမယ့်  ကြည့်ရတာ ရွှေမြို့တော်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ညီမျှခြင်း ဖွံ့ဖြိုးမှုဆိုတဲ့ စဉ်းစားချက်တွေက ပလူပျံနေပုံရပါတယ်။ ဒီကိစ္စက မမှန်ရုံတင် မကပါဘူး။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေဆိုတာ ဘယ်နေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်ချင်းကလည်း မတူပြန်ပါဘူး။ စီးပွားရေးမှာ ချင်ချင်းလက်ငင်း အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။  နည်းပညာနဲ့ အတတ်ပညာတွေကို လွှဲပြောင်းပေးမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အကျိုးဖြစ်သလောက်၊ သဘာဝသယံဇာတတွေမှာ ရင်းနှီးမြှုပ်နှံတာတွေကတော့ ဆိုးကျိုးပေးတတ်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင် ထုတ်ရောင်းနေတဲ့ သဘာဝသယံဇာတတွေက ဘယ်တော့မှ ပြန်မရနိုင်တော့မယ့် အရင်းအမြစ်တွေ (non-renewable assets) ဖြစ်နေတာကြောင့်ပါပဲ။

ဒါကြောင့် အစိုးရအနေနဲ့ သဘာဝသယံဇာတက ရတဲ့ ငွေကို အကျိုးရှိရှိ၊ နည်းလမ်းတကျ ရင်းနှီးမြှုပ်နှံဖို့ အစွမ်းအစမရှိသေးတဲ့ အခုလို အချိန်မျိုးမှာ ဘယ်တော့မှ ပြန်မရနိုင်တော့မယ့် သဘာဝ အရင်းအမြစ်တွေကို အလျင်စလို ထုတ်မရောင်းတာက ပိုပြီးကောင်းပါတယ်။ သဘာဝသယံဇာတ ထုတ်ယူသော လုပ်ငန်းပွင့်လင်းမြင်သာမှု သဘောတူညီချက် Extractive Industries Transparency Initiative (EITI) ကို မြန်မာအစိုးရက လက်ခံဖို့ ခြေလှမ်းတွေ လှမ်းလာတာလည်း ကောင်းပါတယ်။ ဒီလို ဖြစ်လာရင် သဘာဝသယံဇာတထုတ်ယူတဲ့ ကိစ္စ၊ သဘာဝသယံဇာတက ရတဲ့ ငွေတွေနဲ့ ပတ်သက်လာရင် လူထုအပေါ် တာဝန်ခံမှုတွေ ရှိလာနိုင်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အထောက်အပံ့ ဖြစ်လာနိုင်ပါတယ်။ ပွင့်လင်းမြင်သာမှုလည်း ရှိလာနိုင်ပါတယ်။ နိုင်ငံပိုင်ဘဏ္ဍာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (sovereign wealth funds) ဆိုတာ ဘက်စုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အစားထိုးစရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာပြည်အတွက်ပြောရရင် သဘာဝသယံဇာတထုတ်ယူတဲ့ ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု(primary sector investment) ဆိုတာကို  အရမ်းကြီး ဖုတ်ပူမီးတိုက် မလုပ်တာက ပိုပြီး အကျိုးများဖို့ရှိပါတယ်။

(ဆက်ပါမည်)

Foreign Policy မဂ္ဂဇင်းတွင် JARED BISSINGER  ရေးသည့် သုံးသပ်ချက် Think Again: Burma’s Economy  ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013