Home
မြန်မာသတင်း
အငြင်းပွားမြေပေါ်နေထိုင်သည့် တောင်သူမိသားစု ၆ ဦးကို စွဲချက်တင် အမိန့်ချ
DVB
·
March 8, 2019
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်က အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ မြေကွက်အမှတ် ၃၇၀၊ နှစ်ဧကခွဲကျော်ပေါ်မှာ နေထိုင်ကြတဲ့ တောင်သူမိသားစု ၆ ဦးကို မဟာအောင်မြေမြို့နယ် တရားရုံးက​ ပုဒ်မ ၅ခုနဲ့ မနေ့က စွဲချက်တင် အမိန့်ချမှတ်​ခဲ့ပါတယ်​။ ဖမ်းဆီးခံတောင်သူ ဦး​ပေါက်​စက“ဘာအမိန့်​စာမှလည်း မပါဘဲ တရားစွဲတယ်​။ ကျ​နော်​တို့ပြည်​သူ​တွေက မတရားသဖြင့် ခံ​နေရတာပါ။ အစိုးရအဖွဲ့ရုံးက အကြောင်းပြန်စာလည်း ရှိတယ်၊ နိုင်ငံတော်သမ္မတ အကြောင်းပြန်စာလည်း ရှိတယ်။ ကျနော်တို့က လမ်းစီမံကိန်း ပိုလျှံမြေကိုပဲ ပြန်တောင်းနေတာ၊ ခုထိလည်း မြေကွက်လပ်ကြီး။ အရင်ကစွဲထားတဲ့ ၄၄၇ အမှုမှာလည်း ကျနော်တို့ အပြစ်မရှိဘူးဆိုပြီး တရားရုံးက ဆုံးဖြတ်ပြီးပြီ။ ဒီ​နေ့ တရားစွဲ ​အမိန့်​ချတာဟာ မတရားဘူး။ ကျ​နော်​တို့ မ​ကျေနပ်​ဘူး” လို့ ပြောပါတယ်​။ တရားလွှတ်တော်ရှေ့နေ ကိုမျိုးမင်းဇော်ကလည်း ခုလို တောင်သူတွေ စွဲချက်တင်ခံရတာနဲ့ ပတ်​သက်​ပြီး ဥပ​ဒေနဲ့ မညီညွတ်​ဘူးလို့ သုံးသပ်ပြောပါတယ်။ “တရားရုံးက ဖျက်​​မိန့်​​တွေပြပြီးမှ လုပ်​ရမယ့်ဟာပါ။ ဦး​ပေါက်​စတို့က တရားဝင်​ လက်​ရှိ​နေတဲ့ဟာကိုမှ လာပြီးဖျက်​တာက​တော့ ၄၄၀ ပုဒ်​မအရ သူတို့ဟာ ကြိုတင်​ကြံစည်​ထားတာ လုံးဝမရှိဘူး၊ တာဝန်​ဝတ္တရား ​နှောင့်​ယှက်​တယ်​လို့ ပြောရ​အောင်​ သူတို့ဟာ ဘာအ​ထောက်​အထားမှ မပါတဲ့ဟာ ရေ​ကြောင်းရဲတပ်​ဖွဲ့က ဝင်​​ရောက်​ဖျက်​ခဲ့တာကို တာဝန်​ဝတ္တရား နှောင့်ယှက်​တယ်​လို့ ​ပြောလို့မရဘူး။ ဒါနဲ့ပတ်​သက်​ပြီး ဥပ​ဒေက မညီညွတ်​ဘူး။” အငြင်းပွား မြေယာပေါ်မှာ နေထိုင်ကြတဲ့ တောင်သူ ဦးပေါက်စ အပါအဝင် ၆ ဦးကို ပုဒ်မ ၃၃၂/၄၄၀/၂၉၄/၁၁၄/၁၈၉ တို့နဲ့ ရေကြောင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားတာပါ။ ဦး​ပေါက်​စ၊ ​ဒေါ်တင်​​ဌေး၊ ​ဒေါ်ခိုင်​ဇာဝင်းတို့ သုံးဦးကို ပုဒ်မ ၄၄၀ (ကြိုတင်​ကြံစည်မှု)၊ ၁၁၄ (အားပေးကူညီမှု)၊ ၃၃၂ (တာဝန်ဝတ္တရားနှောင့်ယှက်မှု)၊ ကိုမင်းမင်းခိုင်​နဲ့ ကိုမိုးသီးတို့ကို ပုဒ်မ ၄၄၀၊ ၃၃၂၊ ၂၉၄ (ဆဲဆိုမှု)၊ ၁၈၉ (တာဝန်​ထမ်း​ဆောင်​ချိန်​မှာ ခြိမ်း​ခြောက်မှု)၊ ​ဒေါ်မြင့်မြင့်စန်းကို  ပုဒ်မ ၄၄၀/၃၃၂ တို့နဲ့ စွဲချက်တင် အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အငြင်းပွားမြေဟာ ၁၉၉၅ ခုနှစ်က ကမ်းနားလမ်း ဖောက်လုပ်ဖို့အတွက် ရည်​ရွယ်​ သိမ်းဆည်းခဲ့တဲ့မြေဖြစ်ပြီး အရင်က တောင်သူ ဦးပေါက်စတို့ပိုင်ဖြစ်ကာ ကောက်ပဲသီးနှံတွေကို ရာသီအလိုက် စိုက်​ပျိုး​​ခဲ့ပြီး မြေယာအခွန်ပြေစာတွေလည်း လက်​ဝယ်​ရှိကြသူ ဖြစ်​ပါတယ်​။ တောင်သူ ဦးပေါက်စအနေနဲ့ မိမိ​မြေကို ပြန်​လည်​ရရှိဖို့ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ပြတောင်းခံခဲ့​ပေမယ့် ၂၀၁၅ ခုနှစ်ထဲမှာ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အမည်နဲ့ ဂရန်ပေါက် ဖြစ်​လာခဲ့ပါတယ်။ သူတို့ ၆ ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်က ဖမ်းဆီးခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ တရားလိုအနေနဲ့ သက်သေအယောက် ၂၀ ကျော် တင်ထားကာ တရားလိုပြသက်သေအားလုံး စစ်ဆေးပြီးဖြစ်တဲ့အတွက် စွဲချက်တင် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024