DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
DVB
·
March 8, 2019
ရခိုင်စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
Donate to DVB

တိုက်ပွဲတွေကြောင့် ကယ်ဆယ်ရေးစခန်းတချို့မှာ ခိုလှုံနေကြတဲ့ ရခိုင်စစ်ဘေးရှောင် တသောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပြီလို့ ရခိုင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်နဲ့ ကယ်ဆယ်ရေးစခန်း ၁၉ ခုမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးကောက်ယူထားတဲ့ စာရင်းဇယားအရဆိုတော့ ၁ သောင်းနဲ့ ၅၀၀ လောက်ရှိမယ်။ မြောက်ဦး ကျောက်တော်မှာ စစ်ဘေးရှောင်တွေ ပိုများပါတယ်။ မြောက်ဦး စစ်ဘေးရှောင်တွေ အတွက်ကတော့ မြောက်ဦး အရေးပေါ်ကော်မတီက စီစဉ်ပြီးတော့ လုပ်နေတာတွေရှိတယ်။ စင်္ဘောကိုင်း၊ ခြိတ်ချောင်း၊ စေတီတောင်နဲ့ အောက်သကန်းတို့မှာတော့ စားနပ်ရိက္ခာ ပြတ်လပ်နေပြီပေါ့နော်။”

ဒီအပတ်အတွင်းမှာ အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ မပံ့ပိုးပေးပါက စားနပ်ရိက္ခာ လုံးဝပြတ်လပ်နိုင်တဲ့ အခြေအနေ ရှိတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် မနီးမဝေးဖြစ်တဲ့ စေတီတောင်၊ အောက်သကန်၊ တိမ်ညိုရွာသစ်၊ ခြိတ်ချောင်း၊ စင်္ဘောကိုင်း ကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ၅ နေရာ ဖွင့်လှစ်ထားတာပါ။

စင်္ဘောကိုင်း ကယ်ဆယ်ရေးစခန်းမှာ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိနေပြီး လတ်တလော စားနပ်ရိက္ခာတွေ ပြတ်တောက်နေပြီး အိမ်သာ၊ စောင်အခင်းတွေကလည်း အရေးပေါ် လိုအပ်နေတယ်လို့ မြောက်ဦးလူငယ်များ အစည်းအရုံးက လူမှုကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ကိုခိုင်မင်းသျှင်က ပြောပါတယ်။

“စားနပ်ရိက္ခာတွေအစ လိုနေတယ်ဗျ။ ပြီးတော့ နေဖို့ထိုင်ဖို့ လုံးဝအဆင်ပြေဘူး။ အိမ်သာတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ လိုနေတယ်။ ပြီးတော့ စစ်ဘေးရှောင်အားလုံးက မြေကြီးပေါ် တာလဘတ်ရှာခင်းတော့ အိပ်နေရတယ်။ အောက်က ဘာမှမရှိဘူး။ အခက်အခဲကတော့ အများကြီးပဲဗျ။ စင်္ဘောကိုင်းအပါအဝင် မြောက်ဦးမြို့နယ်က ကယ်ဆယ်ရေးစခန်း ၅ ခုမှာ အဲ့လိုဖြစ်နေတာ။"

ဒါ့အပြင် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာမယ်ဆိုရင် စစ်ဘေးရှောင်ဒုက္ခသည် အရေးဟာလည် ဒီထက် ပိုစိုးရိမ်စရာ ကောင်းလာမယ်လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

ကျောက်တော်မြို့နယ်၊ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ ဖြစ်ကြတဲ့ အထက်မြတ်လှဲ၊ ဝါးတောင်၊ ကန်စောက်၊ တောင်မင်းကုလား၊ ကျေးရွာတွေကို ကျန်းမာရေးစောင့်ရှောက်မှု အနည်းငယ်သာရှိပေမယ့် ဖားကြွယ်၊ အထက်သင်းပုန်းတန်း အပါအဝင် ပဲသဒူ၊ ဒုံသိမ်းတို့ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက မရှိတော့ဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်စခန်း မြောက်ဦးမြို့ပေါ်မှာ ၅ နေရာ၊ နယ်မှာ ၅ နေရာ၊ ကျောက်တော်မြို့နယ်မှာ ၄ နေရာ၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၃ နေရာ၊ ရသေတော့င်မြို့နယ်မှာ ၁ နေရာနဲ့ ဘူးသီးတောင်မြို့နယ် ၁ နေရာတို့ ရှိကြပြီး စစ်ဘေးရှောင်ဒုက္ခသည် ၁ သောင်းကျော်ရှိနေတာ ဖြစ်ပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ခိုင်မင်းသျှင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013