Homeမြန်မာသတင်း
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ပီပီအက်စ်တီအဖွဲ့မှ အနားယူ
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ပီပီအက်စ်တီအဖွဲ့မှ အနားယူ
နော်နိုရင်း
·
March 8, 2019

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ကနေ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ အနားယူသွားပါတယ်။
မတ်လ ၅ ရက်ကနေ ၇ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (ပီပီအက်စ်တီ) ရဲ့ အစည်းအဝေးအပြီးမှာ ခုလို အနားယူသွားတာပါ။
RCSS ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းငင်းက “လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နေရာကို ကျနော်တို့ RCSSရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မီတီအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ဘောင်ခေးကိုအစားထိုးပါတယ်။ ကေအန်ယူဘက်ကတော့ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအစား အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ပဒိုစောတာဒိုမှူးကို အစားထိုး ခန့်အပ်ပါတယ်။”လို့ အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီလိုအပြောင်းအလဲလုပ်တာဟာ အဖွဲ့အစည်းအတွင်းရဲ့ ရွေးချယ်မှုဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ လူ အပေါ်အခြေမခံဘဲ မူအပေါ်အခြေခံမှာဖြစ်တဲ့အတွက် ဆွေးနွေးမှုအပေါ် ရိုက်ခတ်မှုရှိမှာမဟုတ်ဘူးလို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
ဒါ့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ကနေ ကြိုးပမ်းေ ဆာင်ရွက်နေတာကို ကြိုဆိုကြောင်းနဲ့ ဒီဆောင်ရွက်ချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့လည်း ဟန်ချက်ညီဖို့ လိုအပ်တယ်လို့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုအဖွဲ့ ၁၀ ဖွဲ့က အထူးအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာပါတယ်။
ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစာတာဒိုမှူးက“ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာ ကျနော်တို့ နားလည်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်မှာ အခြေခံရမှာဖြစ်တယ်။ ဘာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုအတည်ပြုခဲ့ကြရသလိုဆိုတဲ့ အခြေခံကို စဉ်းစားသင့်တာပေါ့နော်။ အဲဒီအတွက်ကြောင့် ကျနော်တို့ဘက်က မြင်တာကတော့ တဖက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တာကတော့ ပြင်ဆင်မှုရရင်ရသလောက် အကုန်းလုံးက အကောင်းတွေပဲ။ ပြင်ဆင်နိုင်တဲ့အနေအထားရှိတယ်။ ဒါပေမယ့် အဲဒီပြင်ဆင်နိုင်တဲ့အနေ အထားတွေက လွှတ်တော်အတွင်းမှာရှိနေတဲ့ ကိုယ်စားလှယ်၊ မတူညီတဲ့ အစုအဖွဲ့ကနေ ပါဝင်တဲ့ ကိုယ်စားတွေကြားမှာ ဘယ်လောက်ထိ စေ့စပ်ညှိနှိုင်းလုပ်နိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။”လို့ ပြောပါတယ်။
ဒါ့အပြင် အန်စီအေကို အခြေခံထားတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်တည်ထောက်ရေး ဆိုင်ရာ အခြေခံမူတွေနဲ့ မဆန့်ကျင်စေလိုတဲ့အကြောင်း၊ လွှတ်တော်က ရေးဆွဲထားတဲ့ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သဟဇာတ ဖြစ်စေဖို့ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့လည်း တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။
လက်ရှိ အန်စီအေကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လာမယ့် မေလအတွင်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ကျင်းပသွားဖို့ ရှိနေပါတယ်။