ကရင်တိုင်းရင်းသူ နော်ကညောဖော နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုရရှိ

အမေရိကန် နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုကို မြန်မာနိုင်ငံက ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ဝင်  ကရင်တိုင်းရင်းသူ နော်ကညောဖော အပါဝင် နိုင်ငံ ၁၀ နိုင်ငံက အမျိုးသမီးတွေ ရရှိခဲ့ကြပါတယ်။ နော်ကညောဖောဟာ ကရင်အမျိုးသမီးအစည်းအရုံး  KWO အတွင်းရေးမှူးဖြစ်ပြီး ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတာ ခွဲခြားဆက်ဆံခံရတာတွေကို ကိုယ်ကျိုးမငဲ့ဘဲ မှတ်တမ်းပြုစုရာမှာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ ဒီဆုကို မြန်မာနိုင်ငံအနေနဲ့ တတိယ အကြိမ်ရရှိတာဖြစ်ပြီး ၂၀၁၂ ခုနှစ်က  ဒေါ်ဇင်မာအောင်နဲ့ ၂၀၁၅ ခုက ဒေါ်မေစံပယ်ဖြူတို့က ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီး သတ္တိရှင်ဆုကို မြန်မာနိုင်ငံက ကရင်တိုင်းရင်းသူ နော်ကညောဖောနဲ့အပြင် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ ဂျော်ဒန်၊ အိုင်ယာလန်၊ ပီရူး၊ သီရိလင်္ကာ စတဲ့နိုင်ငံတွေက အမျိုးသမီးတွေလည်း အသီးသီးရရှိခဲ့ကြပါတယ်။ ဒီဆုချီးမြှင့်ပွဲကို  အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်ရှိ အမေရိကန် နိုင်ငံခြားရေးရုံးမှာ မတ်လ ၇ ရက် ပြုလုပ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီရိုနဲ့  သမ္မတကတော် မီလာနီရာထရမ့် တက်ရောက်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up