Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် အုပ်ချုပ်ရေးမှူး ၄ ဦး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို
DVB
·
March 7, 2019
ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူး လေးဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နုတ်ထွက်လိုက်တဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် ရန်အောင်ပြင် အုပ်ချုပ်ရေးမှူး ကျောက်ဆည်ပြင် အုပ်ချုပ်ရေးမှူး ပေါက်ပင်ကွင်း အုပ်ချုပ်ရေးမှူးနဲ့ ပြိုင်းရှား အုပ်ချုပ်ရေးမှူးတို့ကို မြို့နယ်ရဲတပ်ဖွဲ့က မြောက်ဦးမြို့ထွေအုပ်ရုံးမှာ အစည်းအဝေးပြုလုပ်နေချိန် ဖမ်းဆီးခဲ့တာပါ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက ဖမ်းဆီးခံထားရတဲ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၄ ဦးနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတရပ်ကို စစ်တွေမြို့ အားသစ် လက်ဖက်ရည်ဆိုင်မှာ မတ် ၆ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေး တွေကအစ ဒုက္ခသည်အရေးတွေထိ အတူတကွ ဆောင်ရွက်ခဲ့ကြသူတွေဖြစ်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တာ မတွေ့ရတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့လည်း အစိုးရထံ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနေ့က ဖမ်းဆီးလိုက်တာဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အစည်းဝေး လုပ်နေစဉ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး တစုံတရာ အသိပေးခြင်း မရှိတဲ့အတွက် ကျန်တဲ့သူတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။ အဲဒီနောက် မြောက်ဦးမြို့နယ်က ကျန်ရှိနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ လောက်ဟာ လည်း လုံခြုံမှု မရှိတော့ဘူးဆိုကာ နုတ်ထွက်ခွင့်တင်ခဲ့ကြတာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်တဲ့အပေါ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်ကတော့ သူတို့နုတ်ထွက်မယ်ဆိုရင် တဦးချင်းစီက ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ နုတ်ထွတ်မှသာ ခွင့်ပြုမယ်လို့ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဒီအပေါ်မှာ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ကတော့ တဦးချင်း နုတ်ထွက်ဖို့ အစီအစဉ်မရှိသေးဘဲ ဖမ်းဆီးထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို လွှတ်ပေးပြီး သူတို့ကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ တိုင်ပင်ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။ အေအေအဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေဟာ ဖမ်းဆီးတရားစွဲခံရတာ ပိုများလာနေပါတယ်။ ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးနေတာကြောင့် ပြီးခဲ့တဲ့မတ် ၁ ရက်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၈၉ ဦး နုတ်ထွတ်ခဲ့ပြီးနောက် အခုရက်ပိုင်းမှာလည်း ကျေးရွာ ၁၁ ရွာက အုပ်ချုပ်ရေးမှူး ၁၁ ဦး ထပ်မံနုတ်ထွက်သွားပါတယ်။ ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024