မြောင်းမြတွင် စာမေးပွဲခန်းတာဝန်ကျ ဆရာမ ၁ ဦး ရုတ်တရက် သေဆုံး
DVB
·
March 7, 2019
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာ တက္ကသိုလ်ဝင်တန်း စားမေးပွဲခန်းတာဝန်ကျ ကျောင်းဆရာမတဦး နေအိမ်မှာ မတ်လ ၆ ရက်မနက်ပိုင်းက ရုတ်တရက် သေဆုံးသွားပါတယ်။
မြောင်းမြမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြဆရာမ ဒေါ်ခင်အေးအေးမွန် အသက် ၅၄ နှစ်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုမယ့်နေ့မှာ တာဝန်ထမ်းဆောင်ဖို့ ကျောင်းကို အချိန်မီမရောက်လာတဲ့အတွက် ကျောင်းစာရေးက သွားခေါ်စဉ် နေအိမ်မှာ လဲကျသေဆုံးတဲ့ ဆရာမကိုတွေ့ရှိခဲ့တာလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက "မြောင်းမြကသူ့နေအိမ်မှာပဲ တယောက်တည်းနေတာပါ။ သွေးတိုးရှိတယ်လို့ လတ်တလောစစ်ဆေးတွေ့ရှိထားပြီ၊ မြောင်းမြ မြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ထားပါတယ်"လို့ ပြောပါတယ်။
ဆရာမရဲ့အလောင်းကို ပက်လက်အနေအထားနဲ့ အိပ်ခန်းကုတင်အနီး ပြင်ပဒါဏ်ရာ တစုံတရာမရှိဘဲ သေဆုံးနေတာကို တွေ့ရှိရတာကြောင့် ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် မြောင်းမြမြို့မရဲစခန်းက သေမှုသေခင်း ၆/ ၂၀၁၉ နဲ့ စစ်ဆေးနေပါတယ်။
သတင်း- မြမင်းဦး(ပုသိမ်)