ရန်ကုန်မြို့က ဓာတ်ဆီဆိုင်တွေ အခြင်အတွယ် မပြည့်ဘဲ လျော့နည်း
DVB
·
October 5, 2012
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဓာတ်ဆီဆိုင် ၂၃ ဆိုင်အနက် ၂၁ ဆိုင်က ဆီပန့်တွေဟာ သတ်မှတ် အခြင်အတွယ် မပြည့်ဘဲ လျော့နည်းနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဒီနေ့ ရေးသားဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၆ နဲ့ ၂၇ ရက်က ပုဂ္ဂလိကဓာတ်ဆီဆိုင်တွေမှာ ရောင်းချနေတဲ့ဆီတွေနဲ့ပတ်သက်ပြီး အရည်အသွေး၊ အခြင်အတွယ်နဲ့ တရားမ၀င်ရောင်းချဖြန့်ဖြူးခြင်း ရှိ-မရှိ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာမှာ အခုလို တွေ့ရှိရတာ ဖြစ်ပါတယ်။
အခုလို အခြင်အတွယ်မပြည့်ဘဲ ရောင်းချနေတဲ့ ဆီဆိုင် ၂၁ ဆိုင်ရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကုမ္ပဏီအဖွဲ့အစည်းတွေကို ပထမအကြိမ် တရားဝင်စာနဲ့ သတိပေးမှာဖြစ်ပြီး၊ အဲဒီလိုမျိုး အခြင်အတွယ် မပြည့်တာ ထပ်တွေ့ရင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကို ပြန်လည်သုံးသပ် အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းကဆိုပါတယ်။