Home
မြန်မာသတင်း
လွှတ်တော်နာယကကို ဖြုတ်ချရန် ကြိုးပမ်းမှု  ဥပဒေနှင့်အညီ ဆောင်ရွက်မည်
အောင်ဆန်းဦး
·
March 6, 2019
ပြည်ထောင်စုလွှတ်တော်နာယကကို တာဝန်ကနေ ပြန်ရုပ်သိမ်းဖို့ ကြံ့ခိုင်ရေးပါတီရဲ့ ကြိုးစားမှုအပေါ် တားမြစ်ဖို့မရှိဘဲ ဥပဒေနဲ့အညီ တင်ပြလာရင် လက်ခံဆောင်ရွက် ပေးသွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကက ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကို ဥပဒေဖောက်ဖျက်မှုနဲ့ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံ လက်မှတ်ရယူပြီး လွှတ်တော်မှာ အဆိုတင်သွင်းသွားဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ်နေတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက သတင်း မီဒီယာ တခုကိုပြောထားတာပါ။ ဒီလုပ်ဆောင်မှုဟာ ဥပဒေပါအရ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ပေးထားတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် လွှတ်တော်တာဝန်ရှိသူတွေအနေနဲ့ အထူးအထွေပြောဆိုဖို့ မရှိတဲ့ အပြင် ဥပဒေချိုးဖောက်ထာတာ မရှိတဲ့အတွက် တင်ပြလာပါက ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးထွန်းထွန်းဟိန်က သတင်းမီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။ “ဥပဒေထဲမှာ ပေးထားတဲ့အခွင့်အရေးပေါ့။ ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးပေါ့။ ဥပဒေထဲမှာ ပေးထားတဲ့အခွင့်အရေးအတိုင်း လုပ်ဆောင်လာရင် အန်ကယ်တို့က ဘာပြောဖို့ ရှိမှာလည်း။ ဒါက ဥပဒေက ပေးထားတဲ့အခွင့်အရေးဘဲ။ အောင်တာ မအောင်တာ ကတော့ နောက်ကိစ္စလေ။ ဟုတ်တယ်မလား။ ဖြုတ်ချရေးလုပ်မယ်ဆိုလည်း လုပ်ပါ။ ဟုတ်ပြီလား။ အန်ကယ်တို့က မလုပ်ပါနဲ့ တားလည်းရမှာမှ မဟုတ်တာဘဲ။ ဒါ ဥပဒေပါအခွင့်အရေးပဲ။ ဟုတ်ပီလား။” လွှတ်တော်နာယက ဖြုတ်ချရေးကိစ္စမှာ လွှတ်တော်အတွင်းရောက်ရှိနေတဲ့ ကိုယ်စားလှယ် တွေကလုပ်ဆောင် ရမှာဖြစ်တဲ့အတွက် ကြံ့ခိုင်ရေးပါတီဝင်ကိုယ်စားလှယ်တွေအပြင် အခြား ပါတီဝင်ကိုယ်စားလှယ်တွေ ဒါမှမဟုတ် တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်လက်မှတ် ရေးထိုးပေးမှသာ အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ လက်မှတ်ရေးထိုးဖို့ စည်းရုံးမရှိသေးသလို ကြံခိုင်ရေး ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် အားလုံးကလည်း ဒီကိစ္စ သိရှိထားခြင်းမရှိသေးဘူးလို့ ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကတော့ လွှတ်တော်နာယက အနေနဲ့ ဥပဒေနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်သွားခြင်းမရှိစေဖို့အတွက် ထိန်းကြောင်းနိုင်ဖို့ရည်ရွယ်ပြီး ပါတီအနေနဲ့ လုပ်ဆောင်ဖို့ စီစဉ်တာ ဖြစ်နိုင်တယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်း သဘောထား ကွဲလွဲနေတဲ့အပေါ် အခြေခံကာ လွှတ်တော်နာယကကို ဖြုတ်ချဖို့ ကြိုးပမ်းလာတာလို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024