Home
မြန်မာသတင်း
ကေအန်ပီပီ ယူအန်အက်ဖ်စီအဖွဲ့က နုတ်ထွက်မည်
နော်နိုရင်း
·
March 6, 2019
ကရင်နီအမျိုးသားတိုတက်ရေးပါတီ (ကေအန်ပီပီ) အနေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ဖို့ရှိနေပါတယ်။ လက်ရှိ ယူအန်အက်ဖ်စီမှာ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့သာ ကျန်ရှိပြီး ၂ ဖွဲ့က အန်စီအေ လက်မှတ်ရေးထိုးထားတဲ့အတွက် တိုင်းရင်းသားကိစ္စပူးပေါင်းလုပ်ဆောင်ဖို့ အခက်အခဲရှိလို့ နုတ်ထွက်ဖို့ ဆုံးဖြတ်ရတာလို့ ကေအန်ပီပီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။ “ဘာဖြစ်လို့ နုတ်ထွက်ရလဲဆိုရင် ယူအန်အက်ဖ်စီအဖွဲ့ ၄ ဖွဲ့ထဲမှာ ၂ ဖွဲ့ကလည်း လက်မှတ်ထိုးလိုက်ပြီပေါ့နော်။ ဆိုတော့ သူ့ရဲ့လုပ်ငန်းသဘောသဘာဝအရ သူတို့လည်း အဲဒီညီလာခံမှာ နုတ်ထွက်မယ်လို့ ပြောထားတာရှိတာပေါ့လေ။ အဲတော့ သူတို့ကလည်း အဲလို သွားပြီဆိုရင် ယူအန်အက်ဖ်စီမှာက ၂ ဖွဲ့ပဲ ကျန်တဲ့သဘောဖြစ်နေတော့ စုပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေမှာတော့ အခက်အခဲရှိလာနိုင်တယ်။ ” လက်ရှိ ယူအန်အက်ဖ်စီအဖွဲ့မှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ပြီး မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်း အရုံးကတော့  အန်စီအေ လက်မှတ်ရေးထိုးထားပါတယ်။ ဒါကြောင့် ယူအန်အက်ဖ်စီ ညီလာခံအစည်းအဝေးပြန်ခေါ်တဲ့အခါကျရင်တော့ ကေအန်ပီပီ နုတ်ထွက်ရေးကိစ္စ ဆုံးဖြတ်နိုင်ကြမှာဖြစ်ပါတယ်။ ဒီလိုနုတ်ထွက်ပြီဆိုရင် ယူအန်အက်ဖ်စီ ပျက်သွားတဲ့ သဘောလားဆိုတာကိုတော့ ဦးရွှေမျိုးသန့်က “ လုံးဝပျက်သွားပြီလို့ ပြောရခက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေအနေနဲ့ကတော့ တိုင်းရင်းသားတွေ စုပြီးလုပ်ရမယ်ဆိုတဲ့အယူအ ဆကတော့ ရှိနေတယ်။  ပြဿနာက လက်ရှိ ပကတိအခြေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ အခက်အခဲတွေ့နေတာပေါ့။ ဒါပေမယ့် မပြောတတ်ဘူးပေါ့နော်။ တကယ်လို့ ယူအန်အက်ဖ်စီ ညီလာခံမှာ အဖြေတမျိုးထွက်တယ်ဆိုရင်လည်း အပြောင်းအလဲဖြစ်ရင်လည်းဖြစ်မှာပေါ့။ အဲဒီမှာ အဖြေရှာ၊ အဖြေရှာတွေ့တဲ့အပေါ်မှာ မူတည်မယ်ထင်ပါတယ်။” ယူအန်အက်ဖ်စီ ညီလာခံကို ၂၀၁၈ ခုနှစ်မှာ ခေါ်ယူရမှာဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အခုချိန်ထိ မခေါ်ယူနိုင်သေးဘူးလို့လည်း  ပြောပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ယူအန်အက်ဖ်စီကနေ နုတ်ထွက်ဖို့ ၂၀၁၇ က တင်ထားပြီး၊ လက်ရှိမှာတော့ အဖွဲ့ဝင်အနေနဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)ဖြစ်ပါတယ်။ ကေအန်ပီပီ  နုတ်ထွက်မယ်ဆိုပါက ရခိုင်ပြည်အမျိုးသားကောင်စီသာ ကျန်ရှိမှာ ဖြစ်ပါတယ်။ ကေအန်ပီပီကို ၁၉၅၇ မေလ ၂ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ အဖွဲ့ဝင် ဖြစ်သလို အစိုးရနဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ လာမယ့် မတ်လ ၁၀ ရက်နေ့မှာလည်း ကေအန်ပီပီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024