DVB Logo
Home
မြန်မာသတင်း
တပ်မြေ ကျူးကျော် စိုက်ပျိုးမှုဖြင့် တရားစွဲ
DVB
·
October 4, 2012
Donate to DVB

မတ္တရာမြို့  စလေအုပ်စု စလေကျေးရွာသားတွေက  တပ်မြေကို ကျူးကျော်ဝင်ရောက်နေ ထွန်ယက် စိုက်ပျိုးနေတယ်လို့ အမှတ် ၁၀၀၄ လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ တပ်ရင်းမှူးက တရားစွဲဆိုထားပါတယ်။

မတ္တရာစလေရွာက အိမ်ခြေ ၃၀၀ ကျော်နဲ့ လယ်မြေဧကပေါင်း ၁၇၀၀ ကျော် ကို လေကြောင်းရန်ကာကွယ်ရေးတပ် ၁၀၀၄ က ပိုင်ဆိုင် ထားတာကြောင့် ကျေးရွာသားတွေကို ကျူးကျော်ဝင်ရောက်သူတွေအဖြစ် အဲဒီတပ်ရဲ့ တပ်ရင်းမှူးက တရားစွဲဆိုထားတာပါ။

ဒီရွာက လယ်မြေတွေကို စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်း ဆောက်လုပ်ဖို့အတွက် ၁၉၉၂ ခုနှစ်မှာ သိမ်းယူခဲ့ပေမယ့် ၂၀၀၃ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီနောက် ၁၀၀၄ လေကြောင်းရန်ကာကွယ်ရေးတပ် ရောက်ရှိလာပြီး အခု အင်ကြင်းမြိုင်နေရာမှာ တပ်ချခဲ့တာပါ။

လယ်ယာမြေတွေကိုတော့ စလေရွာက တောင်သူလယ်သမားတွေကို  ၁ ဧက နွေစပါး ၁၅ တင်း၊ မိုးစပါး ၁၀ တင်း သီးစားငှားချပြီး လုပ်ကိုင်စေခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှာတော့ အဲဒီလယ်ယာမြေတွေအားလုံး တပ်အပိုင်တွေဖြစ်ကြောင်း လယ်သမားတွေကို လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး တပ်ပိုင်လယ်မြေအဖြစ် ဒေသခံတောင်သူတွေကို အခမဲ့ စိုက်ပျိုးခွင့်ပြုမှာဖြစ်ကြောင်း တပ်ရင်းမှူးက ပြောပါတယ်။

“ကျနော်တို့အထက်ဌာန လူကြီးတွေကလည်း တရားဝင် ညွှန်ကြားထားတာရှိပါတယ်။ တပ်ပိုင်မြေတွေမှာ သီးစားမချဖို့၊ အခကြေးငွေနဲ့မလုပ်ဖို့ အကျိုးတူမလုပ်ဖို့၊ ကိုယ်တိုင်လုပ်ဖို့၊ ကိုယ်တိုင်မလုပ်နိုင်ရင် မြေယာပိုင်ဆိုင်တဲ့ တောင်သူတွေကို အခမဲ့ လုပ်ပိုင်ခွင့်ပေးဖို့နဲ့ အဲလို လုပ်ပိုင်ခွင့်ပေးရာမှာ တပ်စည်းရုံးရေးက လုပ်ပိုင်ခွင့်ပေးတာဖြစ်လို့ တပ်ပိုင်မြေဖြစ်ကြောင်း သူတို့သိရှိကြောင်း လက်မှတ်ထိုးထားပေးဖို့ ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြးထားတာရှိပါတယ်။”

ကျေးရွာသားတွေက တပ်မြေဖြစ်ကြောင်း လက်မှတ်ရေးထိုးမပေးတဲ့အပြင် သီးစားခပေးပြီးလည်း မလုပ်လိုတော့ကြောင်း လယ်မြေကိုသာ ပြန်လိုချင်ကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်တဲ့ပွဲ ပြုလုပ်ခဲ့ပါတယ်။

ရွာသားတဦးက “တောင်သူတွေနဲ့ စစ်တပ်နဲ့ ပြဿနာတက်ထားတယ်ပြောပြီး စိုက်ပျိုးဘဏ်က ထုတ်မပေးပါဘူး။ စိုက်ပျိုးဘဏ်က စိုက်ပျိုးစရိတ် မရတဲ့အတွက် တောင်သူတွေ ဆင်းရဲကြပ်တည်းလာတယ်။ မိုးလေ၀သအခြေအနေမမှန်တာနဲ့၊ ဒီလိုကြပ်တည်းလာတဲ့ အတွက် တောင်သူတွေကိုယ်စား ကျနော်က သမ္မတကြီးဆီကို အားလုံး လွတ်လွတ်လပ်လပ် လုပ်စားပိုင်ခွင့်ပြန်ပေးအောင်၊ နောက် အစိုးရကထုတ်ချေးတဲ့ ဘဏ်ချေးငွေတွေလည်း ရသင့်ရထိုက်တာရအောင် အသနားခံ တင်ပြတာပါ။”

အောက်တိုဘာလ ၂ ရက်နေ့မှာတော့ တပ်ရင်းမှူး မျိုးလှိုင်ဦးက လယ်သမားတွေ လက်မှတ်ရေးထိုးမပေးတဲ့အတွက် တပ်ပိုင်မြေကို   ကျေးရွာသားတွေ ကျူးကျော်ဝင်ရောက် နေထိုင် စိုက်ပျိုးကြောင်း မတ္တရာ တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

တပ်ရင်းမှူး “ဒီနေ့ တောင်သူတွေနဲ့ သဘောတူညီချက်ရပြီဆိုရင် အထက်ဌာနကို တင်ပြပြီးတာနဲ့ တရားရင်ဆိုင်မယ့် အမှုကိုလည်း လုံးဝပိတ်သိမ်းဖို့ ရှိပါတယ်။ ကျနော်လုပ်ပေးနိုင်တာက စိုက်ပျိုးချေးငွေကို တတ်နိုင်သလောက် လုပ်ပေးပါမယ်။ သတ်မှတ်ချိန်ကာလကျော်သွားရင်တော့ ခြွင်းချက်ပေါ့။ ဒါတော့ အာမခံလို့မရဘူး။ ဒါပေမယ့် ပေးလို့ရသေးတယ်။ မူဝါဒရှိသေးတယ်ဆိုရင်တော့ သက်ဆိုင်ရာဌာနအဆင့်ဆင့်ကို လိုက်ပြောပြီးလုပ်ပေးပါမယ်။ နောက် မြေယာကို လုပ်ကိုင်စားသောက်ဖို့ ကျနော်ခွင့်ပြုပါမယ်။ ဒါပေမယ့် တောင်သူတွေ ကျနော့်ကို ပြန်လုပ်ပေးရမှာက ဒီမှာလုပ်ကိုင်နေတဲ့ လယ်မြေတွေဟာ တပ်ပိုင်ထဲမှာရှိတဲ့ လယ်မြေတွေဖြစ်တယ်ဆိုတာ သိကြောင်း လယ်လုပ်တဲ့ တောင်သူတွေက လက်မှတ်ထိုးပေးရပါမယ်။ လက်မှတ်ထိုးရမယ်ဆိုလို့ မကြောက်ပါနဲ့ ဟိုးအရင်တခေါက်က လက်မှတ်ထိုးပေးလို့ သိမ်းသွားတာမျိုးတွေ ကျနော်လည်းကြားပါတယ်။ အခု လက်မှတ်ထိုးခိုင်းရတာကလည်း ပြောရရင် cover ဖြစ်အောင်လို့ပါ။ ဘာလို့လဲဆိုတော့ ကျနော်က တောင်သူတွေကို လုပ်ခိုင်းတယ်။ သီးစားတွေချထားတယ်။ အခွန်ငွေတွေ ကောက်ခံပါတယ်ဆိုပြီး ဖြစ်မှာစိုးလို့ပါ။”

ဒီမပြေလည်မှုကို ဖြေရှင်းပေးဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ အသနားခံစာတင်သွင်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013