ရှမ်းပြည်နယ် ကလောမြို့နယ် တရားရုံးက သံဃာတော်တပါးကို သာသနာညှိုးနွမ်းအောင် ကျူးလွန်တယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
ဆရာတော် ဦးဥတ္တမကို အောက်တိုဘာလ ၃ ရက်နေ့က သာသနာတော် ညှိုးနွမ်းစေမှု ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
ဒီဆရာတော်ကို မိုးပြာရောင်ဂိုဏ်းလို့ လူသိများတဲ့ ပစ္စုန်ပ္ပန်ကမ္မ၀ါဒ အဖွဲ့ဝင်ဖြစ်တယ်လို့ စွပ်စွဲပြီး မေလ ၁၆ ရက်နေ့က အောင်ပန်းရဲစခန်းမှာ အောင်ပန်းဒေသခံတချို့က အမှုဖွင့်တိုင်ကြားခဲ့တဲ့ အမှုကို စီရင်လိုက်တာပါ။
ဆရာတော်ဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးကျော်ဌေးက သူ့အမှုသည်အပေါ် ချမှတ်ခဲ့တဲ့ ပုဒ်မနဲ့ပတ်သက်လို့ အခုလို မှတ်ချက်ပေးပါတယ်။
“တရားရေးစနစ်ရယ်တော့ မပြောလိုပါဘူး။ အမှုနဲ့ပတ်သက်လို့ တရားရုံးက ဆုံးဖြတ်ထားတဲ့ အကြောင်းအချက်နဲ့ ပတ်သက်လို့ တရားလိုဘက်ကလည်း လုံးဝစွဲဆိုခဲ့တာ မရှိဘူး။ ပြည်သူလူထုဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး သူတို့စိတ်ကို ထိခိုက်စေတယ်ဆိုပြီး စွဲဆိုခဲ့တာမရှိဘူး။ တရားရုံးကထုတ်နုတ်တဲ့ ဒီစာအုပ်တခုလုံးနဲ့ ပတ်သက်လို့လည်း မဟနက ဆုံးဖြတ်ထားတာမရှိဘူး။ မရှိတဲ့အပေါ် တရားရုံးက သူလိုချင်တဲ့ပုံစံ ထုတ်နုတ်ပြီး ဆုံးဖြတ်တာ။ ဘုရားဟောတရားတွေက အဓမ္မ၀ါဒ ဟုတ်မဟုတ်၊ ဘုရားဟောတရားတွေဟာ အဓမ္မ၀ါဒ ဟုတ်ပါတယ်၊ မဟုတ်ပါဘူး ဆုံးဖြတ်ခွင့်က နိုင်ငံတော်သံဃာ့မဟာနာယအဖွဲ့က သီးခြားဝိနည်းတော်အဖွဲ့ထဲမှာပဲ သီးခြားအာဏာရှိတာ။ အခု ဦးဥတ္တမဟောတဲ့ တရားသည် ဘုရားဟောတရားနဲ့ ဆန့်ကျင်တယ်ဆိုရင် မဟနကနေပဲ ဟုတ် မဟုတ် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။”
ဦးဥတ္တမဟာ မိုးပြာရောင်ဂိုဏ်းနဲ့ မပတ်သက်ဘူးလို့ တရားရုံးမှာ လျှောက်လဲသလို မြန်မာနိုင်ငံ သံဃမဟာနယက အဖွဲ့ကြီးကလည်း ဦးဥတ္တမကို မိုးပြာရောင်ဂိုဏ်းဝင်လို့ မသတ်မှတ်ဘူးလို့လည်း ရှေ့နေ ဦးကျော်ဌေးက ရှင်းပြပါတယ်။
ဆရာတော် ဦးဥတ္တမဟာ အောင်ပန်းနယ် ပင်လောင်မြို့နယ် တ၀ိုက်က အခြေခံပညာကျောင်းတွေမှာ ဆရာဆရာမတွေရဲ့ တောင်းဆိုချက်အရ အကြိမ်ပေါင်းများစွာ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းတွေ ပေးနေတာပါလို့ အောင်ပန်းဒေသခံတဦးက ပြောပါတယ်။
“ကလောမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေမှာဆိုရင် ဆရာ၊ ဆရာမတွေ သိပ်သဘောကျတယ်။ သူ့ကလေးတွေ ဦးဇင်းသင်ပေးပြီးရင် လိမ္မာရေးခြား ပြောင်းလဲမှုတွေရှိလို့ သဘောကျတယ်။ သူနဲ့ပတ်သက်ရာပတ်သက်ကြောင်း ဒကာ ဒကာမတွေကလာဟောပေးပါဦး၊ လာသွန်သင်ဆုံးမပေးပါဦးဆို သွားတာပေါ့။ ကလောမြို့နယ်တော်တော်များများ အကြိမ်ပေါင်း ၈၀ လောက် ဟောပြောပေးခဲ့ဖူးတယ်။”
ပစ္စုပ္ပန်ကံမ၀ါဒ မိုးပြာရောင်ဂိုဏ်းကို မြစ်ကြီးနားထောင်မှာ အကျဉ်းကျခံနေတဲ့ ဦးဥာဏက ၁၉၈၃ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အဲဒီဂိုဏ်းဟာ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ အယူအဆ မတူဘူးလို့ ကြေညာထားပါတယ်။ ပစ္စုပ္ပန်ကံမ၀ါဒ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒနဲ့ မတူတဲ့ သီးခြားဗုဒ္ဓဘာသာ တခုဖြစ်တယ်လို့ မိုးပြာရောင်ဦးဥာဏ တပည့်တွေက ပြောပါတယ်။











