ထောင်ချထားသည့် နိုင်ငံတကာဆုရ ဓာတ်ပုံသတင်းထောက်ကို အီဂျစ်အာဏာပိုင်များ ပြန်လွှတ်

ဓာတ်ပုံ - Reuters
အီဂျစ်အာဏာပိုင်တွေဟာ နိုင်ငံတကာဆုရ ဓာတ်ပုံသတင်းထောက်တဦးကို ၂၀၁၃ ခုနှစ်တည်းက ထောင်ချထားရာက မတ်လ ၄ ရက်မှာ ပြန်လွှတ်လိုက်ပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ခဲ့တဲ့ ၂၀၁၃ ထိုင်သပိတ် ဖြိုခွင်းမှုကို သတင်းဓာတ်ပုံ ရိုက်ကူးခဲ့အပြီးမှာ ရှောကံလို့ လူသိများတဲ့ မာမွတ် အဘူ ဇေးယတ်ဟာ အဖမ်းခံခဲ့ရပါတယ်။ ရှောကံရဲ့အမှုကို ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုနဲ့ လူ့အခွင့်အရေး အုပ်စုတွေက ထင်ရှားအောင် လှုံ့ဆော်ခဲ့တာပါ။ သူဟာ စီရင်ချက်ချတာ မခံရခင်တည်းက ထောင်ဒဏ်ကို ကျခံပြီးနေပြီမို့ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ရှောကံဟာ ပြစ်ဒဏ်အနေနဲ့ ရဲစခန်းမှာ နောက်ထပ် ငါးနှစ် ညအိပ်ရဦးမှာပါ။ ရှောကံကတော့ ဒီပြစ်ဒဏ်ကို စိန်ခေါ်မယ်လို့ ပြောပါတယ်။ "ကျနော်ဟာ ဖမ်းဆီးသတ်ဖြတ်ခံ ပထမဆုံး သတင်းထောက်လည်း မဟုတ်သလို နောက်ဆုံးတယောက်လည်း ဖြစ်မှာမဟုတ်ဘူး။ ဒါကိုက ကျနော်တို့အလုပ်ပဲ" လို့ သူက ပြောပါတယ်။ အီဂျစ်ရဲ့ ပထမဆုံး ရွေးကောက်ခံသမ္မတ မိုဟာမဒ် မာစီကို ရာထူးက ဖြုတ်ချရာမှာ ထိုင်သပိတ်တွေကို အကြမ်းဖက်ဖြိုခွဲမှုက အဓိက အဓိကရုဏ်း ဖြစ်ခဲ့တာပါ။ မာစီကို အဘ်ဒယ် ဖာတာ အယ်လ်စီစီ ဦးဆောင်တဲ့ စစ်တပ်က ဖယ်ရှားအပြီး စီစီဟာ နောက်နှစ်မှာ ရွေးချယ်ခံသမ္မတ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် အစိုးရနဲ့ သဘောထားမတူတဲ့ သူတွေကို နှိမ်နင်းရာမှာ ကြီးကြပ်ခဲ့ပါတယ်။ ဒါကြောင့် အစ္စလာမ္မစ် အတိုက်အခံတွေသာမက လစ်ဘရယ်ဝါဒီ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေလည်း ထောင်ချခံခဲ့ရပါတယ်။ ရှောကံကတော့ လက်နက်ပိုင်ဆိုင်မှု၊ ပိတ်ပင်ခံအုပ်စုဝင်ဖြစ်မှုတွေနဲ့ တရားစွဲခံခဲ့ရပြီး မနှစ် စက်တင်ဘာမှာပြုလုပ်တဲ့ တရားစီရင်ရေးအတွင်း ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ ရှောကံကတော့ စွဲချက်တွေကို ငြင်းဆိုပြီး သူဟာ ဗြိတိန်အခြေစိုက် ဓာတ်ပုံအေဂျင်စီအတွက် ဆန္ဒပြပွဲ သတင်းတွေကို အလွတ်တန်း ဓာတ်ပုံဆရာအနေနဲ့ ပေးပို့ရုံသာ လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up