Home
မြန်မာသတင်း
ဖွဲ့စည်းပုံပုဒ်မ ၂၆၁ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ထည့်သွင်းရန်အကြံပြုချက် ကြံ့ခိုင်ရေးနှင့် တပ်မတော် လက်မခံ
အောင်ဆန်းဦး
·
March 5, 2019
ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ လွှတ်တော်ကော်မတီရဲ့ အကြံပြုချက်ကို တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေက  လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တင်သွင်းထားတဲ့ ဥပဒေကြမ်းကို လွှတ်တော်ဒုနာယက ဦးဆောင်ပြီး ၄၅ ဦးပါ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းပြီး ပေါင်းစပ်ဆွေးနွေးဖို့ လွှတ်တော်ပူးပေါင်းကော်မတီက အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်အပေါ် မတ်လ ၅ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်း လေ့လာစိစစ်ရေး  ပူးပေါင်းကော်မတီအတွင်းရေးမှူးက လေ့လာတွေ့ရှိချက် အစီရင်ခံစာ ဖတ်ကြားခဲ့ပါတယ်။ အကြံပြုချက်အပေါ်မှာ တပ်မတော်သား ကိုယ်စားလှယ်နဲ့  ကြံ့ခိုင်ရေးပါတီတို့က လွှတ်တော်အတွင်း ကန့်ကွက်ခဲ့သလို အကြံပြုချက် အတိုင်းလုပ်ဆောင်ပါက လက်ခံဖို့မရှိဘူးလို့  တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့အတွက် ပြင်ဆင်ရေးဥပဒေကို တပ်မတော်သား ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးတို့ရဲ့ ထောက်ခံမှုနဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ် ဦးသိန်းထွန်းက ဖေဖော်ဝါရီ ၈ ရက် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ ဒီဥပဒေကြမ်းကို ပူးပေါင်းကော်မတီက စိစစ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ အုပ်ချုပ်ရေး ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၂၆၁ တခုထဲကိုသာ ပြင်ဆင်မယ်ဆိုရင် ပြင်ဖို့ခက်ပြီး အဲဒီပုဒ်မကို ပြင်ဆင်လိုပါက ပုဒ်မခြင်း ချိတ်ဆက်နေတဲ့ တခြားဥပဒေပုဒ်မတွေကိုပါ တပါတည်းပြင်ဆင်ဖို့လိုတယ်လို့ ဥပဒေကြမ်းစိစစ်ရေး ပူးပေါင်းကော်မတီက ပြောပါတယ်။ ဒီအတွက် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအား သီးသန့် ပြင်ဆင်တာမျိုးမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုလုံး ပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်းဖို့ အကြံပြုရတာလို့ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တြာ မြတ်ဥာဏစိုးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လေ့လာစိစစ် သုံးသပ်ရေးပူးပေါင်းကော်မတီ အနေနဲ့  အစည်းအဝေး ၂ ကြိမ်ပြုလုပ်ပြီး ကော်မတီအဖွဲ့ဝင် ၃၀ အနက် ၂၅ ဦးက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်မှာ တပေါင်းတည်း ပြုလုပ်ဖို့ ထောက်ခံခဲ့ကြပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အပါအဝင် ကိုယ်စားလှယ် ၅ ဦးကတော့ ဥပဒေပြဋ္ဌာန်းချက်အတိုင်း သီးသန့်ဆွေးနွေးပြင်ဆင်သွားဖို့ တင်ပြတဲ့အတွက် ကော်မတီအ စီရင်ခံစာအပေါ် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မတ်လ ၇ ရက် နောက်ဆုံးထား အမည်စာရင်းတင်သွင်းပေးဖို့ လွှတ်တော်နာယက က ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024