DVB Logo
Home
မေးမြန်းခန်း
ဘဏ်တွေအပေါ် ကြီးကြပ်ကွပ်ကဲမှု အားကောင်းပါတယ်
DVB
·
October 5, 2012
ဘဏ်တွေအပေါ် ကြီးကြပ်ကွပ်ကဲမှု အားကောင်းပါတယ်
Donate to DVB

အခုရက်ပိုင်း ပြည်တွင်း အမေရိကန်ဒေါ်လာဈေးကွက်မှာ အပြင်ပေါက်ဈေးနဲ့ ဗဟိုဘဏ်ပေါက်ဈေး ကွာဟချက်အပေါ်  အခွင့်ကောင်းယူပြီး၊ ဒေါ်လာပွဲစားတချို့က ပုဂ္ဂလိကဘဏ်တွေမှာ ငွေ လာရောင်းတဲ့အတွက် ပုဂ္ဂလိက ဘဏ်တချို့က ငွေဝယ်ရောင်းပမဏကို ကန့်သတ်လိုက်ကြပါတယ်။

ပြည်တွင်းမှာ ဒေါ်လာအနွမ်းတွေ လက်မခံတဲ့ ကိစ္စကလည်း မပြီးဆုံးသေးတဲ့ ပြဿနာ တရပ် ဖြစ်နေပါတယ်။

လတ်တလော ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒု -ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးပြီး အခု ရသုံးမှန်းခြေနဲ့ ငွေစာရင်းဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့  ဦးမောင်မောင်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဘဏ်တွေက ဒေါ်လာနဲ့ပတ်သက်ပြီး ၁ သောင်း သတ်မှတ်ထားပေမယ့် သူတို့လိုသလောက်ပဲ ၀ယ်တယ်လို့ ကြားရတယ်။ အပြင်မှာလည်း အရောင်းအ၀ယ်တွေ ဖြစ်နေတော့  ဘဏ်တွေလည်း မ၀ယ်နိုင်ဘူးကြားရတယ်။ ဒီနေ့ ထပ်ကြားရတာက ပုဂ္ဂလိကဘဏ်တွေတောင် တခုနဲ့တခု ၀ယ်ဈေး၊ ရောင်းဈေး ၂၀ လောက် ကွာနေတယ်ကြားရတယ်။ ဒါနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ဘယ်လိုများဆောင်ရွက်ဖို့ ရှိပါလဲ။

[caption id="attachment_31646" align="alignright" width="300" caption="ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း"][/caption]

“ဗဟိုဘဏ်က နေ့တိုင်းထုတ်နေတဲ့ Foreign exchange option မှာ ပုဂ္ဂလိက ဘဏ်တွေက လာရောင်းတာကို ၀ယ်ပေးနေတယ်။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေ၊ ခွင့်ပြုချက်ရထားတဲ့၊ လိုင်စင်ရတဲ့ ဘဏ်တွေကို နဂိုကတည်းကလည်း ညွှန်ကြားချက်ထုတ်ထားတာရှိတယ်။ အဲညွှန်ကြားချက်နဲ့အညီ ဘဏ်တွေအပေါ် ဗဟိုဘဏ်က လုပ်သွားမှာပါ။”

ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေဈေးကွက်ဖွင့်လိုက်တုန်းက ဗဟိုဘဏ်က မနက်ဆိုရင် ဘယ်လောက်ဆိုတာနဲ့ ဖွင့်လိုက်တယ် အဲအတိုင်း အပြင်မှာရောင်းဝယ်ကြဆိုတဲ့ ပုံစံကနေ မရှိတော့ဘူးလား။

“နေ့တိုင်းရှိပါတယ်။ မပျက်သွားပါဘူး။ နေ့တိုင်း နေ့တိုင်း ဗဟိုဘဏ်က reference rate ကိုထုတ်တယ်။ reference rate က သိမ်ဖြူကောင်တာရဲ့ middle-rate ဖြစ်သွားတယ်။ အဲအပေါ်မှာ ဘဏ်တွေအနေနဲ့ plus or minus၊ ၀.၈ ရာခိုင်နှုန်းအတွင်းမှာ ကြိုက်သလို ရောင်းလို့ ၀ယ်လို့ရတယ်။ အဲလို ညွှန်ကြားချက်တွေရှိပါတယ်။ ဒါပေမယ့် ဘဏ်တခုနဲ့တခု မတူနိုင်ပါဘူး။ တချို့ဘဏ်တွေက ချရောင်းရင်ရောင်းမယ်။ ၀.၈ ရာခိုင်နှုန်းအတွင်းမှာ ရှိရမယ်။ သိမ်ဖြူကောင်တာကို ပေးထားတာက ပြင်ပဈေးကွက်အခြေအနေကို ကြည့်ပြီးတော့ မနက်ပိုင်းကို သူတို့ရဲ့ middle-rate အဖြစ်နဲ့ ဗဟိုဘဏ်ရဲ့ reference-rate ကိုယူရမယ်။ ညနေကျရင်တော့ သူတို့ ဈေးနှုန်းသတ်မှတ်ရေးကော်မတီဆိုတာရှိတယ်။ အဲကနေ ဈေးကွက်အခြေအနေကို ကြည့်ပြီး လိုအပ်ရင် အောက်ကိုချနိုင်မယ်လို့ ကျနော်တို့က ခွင့်ပေးထားပါတယ်။”

AGD (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်) ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာက အပြင်ကနေ ၀ယ်လာပြီးတော့ သူတို့ဆီမှာမြတ်လို့ ဘဏ်မှာလာရောင်းတော့ သူတို့လည်း ကြာတော့မရောင်းနိုင်တော့ဘူး။ ရှုံးတယ် ရပ်လိုက်ရတယ်ဆိုပြီးပြောတယ်။ ဒါဟာ အပြင်မှာရောင်းဝယ်ဖောက်ကား သူတွေကြောင့်လို့ ပြောပါတယ်။ အဲ့ကိစ္စကရော အန်ကယ်တို့အနေနဲ့ ဘယ်လိုဆောင်ရွက်ဖို့ ရှိပါလဲ။

“‘ဒါကလည်း ငွေတွေကို အလကားနေရင်း ရောင်းနေ၀ယ်နေတဲ့ ဈေးကစားသူ တွေဆိုရင်တော့ ဘဏ်တွေက သူတို့သိရင်တော့ ၀ယ်ချင်မှဝယ်မှာပေါ့။ ကျနော်တို့ကလည်း နိုင်ငံခြားသွားမယ့်သူဆိုလည်း ပတ်စပို့၊ လေယာဉ်လက်မှတ်တွေပြပြီးရင် ၀ယ်နိုင်တယ်? ၁ သောင်းအထိပေါ့။ ရောင်းမယ့်သူဆိုလည်း နိုင်ငံခြားသားဆိုရင် ဒီကိုဝင်လာတဲ့ ပတ်စပို့တို့၊ D-Form မှာ ကြေညာခဲ့တဲ့ ပမာဏတို့ ဒါတွေကို ကြည့်ရတာလည်း ရှိပါတယ်။ သဘောကတော့ သာမန်အားဖြင့် ရောင်းချင်ဝယ်ချင်တဲ့သူတွေ၊ တကယ်လိုလို့ တကယ်ဝယ်တဲ့သူတွေဆိုရင်တော့ ဘဏ်တွေက တကယ်ရောင်းပေးဝယ်ပေးမှာပါ။ အလကားနေရင်း ဟိုဘက်က အပြင်ကနေ အလွတ်ဝယ်လာပြီးတော့ လာရောင်းရင်တော့ လူမှတ်မိရင်လည်း ဘဏ်တွေက ငြင်းတာတွေရှိနိုင်ပါတယ်။”

နောက်တခုက ဒေါ်လာနွမ်းရင်လက်မခံဘူးဆိုတော့ အဲဒါက အထဲမှာ တော်တော်ကြီးမားတဲ့ ပြဿနာကြုံရတယ်လို့ အလည်သွားတဲ့သူတွေလည်း ပြောတယ်။  တလောကဆောင်းပါးတပုဒ် ဖတ်လိုက်ရတော့ အဲမှာက မြန်မာက ဒေါ်လာမှာ စင်ကာပူနဲ့ချိတ်ဆက်ထားတော့ စင်ကာပူက မင်းတို့ဒေါ်လာအဟောင်းတွေ လက်မခံနိုင်ဘူးဆိုလို့ ဘဏ်တွေက အသစ်ပဲလက်ခံနေရတဲ့ ပြဿနာလို့ပြောပါတယ်။ အဲဒါဘယ်လောက်မှန်ပါလဲ။ ဒါနဲ့ ပတ်သက်လို့ ဘယ်လောက်ပြောပြနိုင်ပါလဲ။

“အဲဒါမမှန်ပါဘူး။ ကျနော်တို့ပြဿနာက လွတ်လွတ်လပ်လပ်နဲ့ ဒေါ်လာကို ဘဏ်တွေက အပြင်ထွက်မရောင်းနိုင်ပါဘူး။ အမေရိကန် ပိတ်ဆို့ထားမှုကြောင့်ပါ။ ကျနော်တို့ ဒေါ်လာကို စာရင်းပြောင်းနဲ့ လွှဲတာတောင်မှ လွယ်လွယ်ကူကူနဲ့ မရဘူး။ စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် ခက်ခက်ခဲခဲနဲ့ လုပ်ရတာမျိုးရှိတယ်။ အခုလို ငွေသားကိုကိုင်ပြီး ပြည်ပထွက်ပြီး Currency Trading လုပ်ဖို့ကတော့ တော်တော်လေးကို အကျပ်အတည်းရှိတဲ့ကာလ။ ဒီအခြေအနေဖြစ်ရတာလည်း ဒါကြောင့်ပါ။ ကျနော်တို့ဘဏ်တွေက လည်ပတ်နေတဲ့ ဒေါ်လာတွေက ပြည်တွင်းမှာပဲ ပြန် သုံးနေရတယ်။ ငွေလာထုတ်တဲ့သူကလည်း ကောင်းတာမှလက်ခံချင်တယ်၊ စုတ်တာဆို လက်မခံချင်ဘူး။ နောက် အချင်းချင်း လှည့်သုံးနေတော့ အစွန်းအထင်း၊ အစက်အပျောက်၊ ခေါက်ရိုးကျိုးနေတာ စသဖြင့် ဒါတွေဆို မရဘူး။ ဒီပြဿနာပြေလည်ဖို့က ကျနော်တို့ဘဏ်တွေက လွတ်လွတ်လပ်လပ်နဲ့ ဘဏ်တွေကနေ ကျနော်တို့ရဲ့ ငွေသားတွေကို ဒါတွေက နိုင်ငံတကာ ပြန်ဝယ်တဲ့ ဘဏ်တွေရှိတယ်။ ငွေရေးကြေးရေးအဖွဲ့အစည်းတွေရှိတယ်။ အမေရိကန်ကလည်း ပြန်ယူတာပဲ။ ဘယ်လောက်ဟောင်းဟောင်း စစ်ရင်ပြီးရောဆိုတဲ့ စံနှုန်းတွေရှိပါတယ်။ ဒါကလည်း ပိတ်ဆို့မှုတွေ လွတ်သွားတဲ့အခါ ဒီအခက်အခဲတွေ ပြေလည်မှာပါ။ အဲအချိန်ကျ ဘယ်လောက်ဟောင်းဟောင်းလက်ခံတယ်။ စစ်ရင်ပြီးရောဆိုတဲ့ စံနှုန်းတွေ ဘဏ်တွေကို အဲကျရင် ညွှန်ကြားပေးပါလိမ့်မယ်။ ”

အန်ကယ်ပြောသလိုဖြစ်ဖို့က ဘာတွေလိုအပ်နေလဲ၊ အမေရိကန်လည်း ဟိုတလောက တချို့အပိုင်းတွေ ဖြေလျော့ပေးလိုက်ပြီ။

“တကယ့်တကယ် ငွေရေးကြေးရေးအပိုင်းမှာ လုပ်လို့ကိုင်လို့ မရသေးတာတွေက ရှိနေသေးတယ်။”

ဒေါ်လာအနွမ်းပြဿနာက ဘယ်တော့လောက်မှ ပြေလည်နိုင်မလဲ။

“အခုတော့ ကြိုးစားပြီးလုပ်နေတယ်။ အမြန်ဆုံး ပြေလည်အောင်တော့ လုပ်နေတယ်။ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေကို လက်ခံနိုင်တယ်ဆိုတာမျိုး ညွှန်ကြားနိုင်အောင် ပြင်ဆင်နေတဲ့ အခြေအနေမှာ ရှိပါတယ်။”

အချိန်ကာလလေးများ ပြောနိုင်မလား။

“ကျနော်ပြောတဲ့အတိုင်း ဖြစ်မလာရင် မကောင်းဘူး။ အမြန်ဆုံးတော့ ဖြစ်အောင် ကြိုးစားပြီး လုပ်နေတယ်။”

ကျနော်တို့ ကြားနေတာက ဗဟိုဘဏ်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ ထူထောင်နိုင်အောင် ကြိုးစားနေတယ်ဆိုတာ ဘယ်တော့လောက် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်မယ့် အခြေအနေ ရှိပါသလဲ။

“အဲဒါလည်း အတိအကျပြောဖို့က မလွယ်ဘူး။ ဒါတွေက ဗဟိုဘဏ်ဥပဒေတို့ ပြန်ဆွဲပြီး လွှတ်တော်မှာ တင်ထားတာရှိတယ်။ ဘယ်လောက်ကြာမယ်ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။”

ဘဏ်တွေဆိုတာ တချို့တွေ တင်စားပြောသလို လူနဲ့တင်စားမယ်ဆိုရင် နှလုံးနဲ့တူတယ်၊ လှည့်ပတ်နေတဲ့ငွေတွေက သွေးကြောနဲ့ တူတယ်ဆိုတော့ ဘဏ်စနစ်ကြီး ခိုင်မာဖို့ ကျနော်တို့တိုင်းပြည် အခုလက်ရှိအနေအထားနဲ့ ခန့်မှန်းခြေ ဘယ်အခြေအနေလောက်မှာ ခိုင်မာမလဲ။

“ခိုင်မာတယ်၊ မခိုင်မာဘူးဆိုတာက ကြီးကြပ်ကွပ်ကဲတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ရဲ့ ဘဏ်တွေအပေါ်မှာ ကြီးကြပ်ကွပ်ကဲမှုက နဂိုကတည်းက အားကောင်းတယ်လို့ ပြောလို့ရတယ်။ ကောင်းခဲ့တဲ့ အနေအထားရှိလို့လည်း အာရှဒေသတို့၊ ကမ္ဘာတခုလုံးဖြစ်တဲ့ ငွေရေးကြေးရေး အကျပ်အတည်းတို့ဆိုတာ ကျနော်တို့က သိပ်ပြီး ခက်ခက်ခဲခဲ မဟုတ်ဘဲနဲ့ ကျော်လွှားနိုင်ခဲ့တယ်။ အဲတော့ ခိုင်မာတယ်၊ မခိုင်မာဘူးဆိုတာက ကျနော်တို့အနေနဲ့က ခိုင်မာပြီးသားပါ။ ခိုင်မာပြီးသားစနစ်အပေါ်မှာ လျှောက်နေတာပါ။ ခေတ်မီပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကတော့ အခုလည်းပဲ နိုင်ငံခြားအကူအညီတွေ၊ ကမ္ဘာ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေဖြစ်တဲ့ IMF တို့၊ World Bank တို့၊ ADB တို့ စတဲ့ အကူအညီတွေကလည်း ဆက်တိုက်လာနေတော့ သပ်ပြီး မကြာတော့တဲ့ ကာလအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဘဏ်စနစ်တွေ ဖြစ်လာမယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။”

ဦးမောင်မောင်ဝင်းဟာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးလဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013